32 C
Yangon

နောင်ချိုနှင့် ကျောက်မဲတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၁၅ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ် ရာရ

Must read

နောင်ချိုနှင့် ကျောက်မဲတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၁၅ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ် ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် ကျောက်မဲမြို့များကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ပြည်သူ ၁၅ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြော ရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့သည့်အတွက် ကျောက်မဲ ဆေးရုံမှ လူနာများပါ ထိခိုက်သေ ဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၊ ဆေးရုံကို ဗုံးကျဲသော လုပ်ရပ်မှာ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီက သူရှုံးနိမ့်တဲ့အချိန်မှာ ဒီလိုပြည်သူလူထု အရပ်သား လူထုကို ဒီလို မဲတာမျိုး လုပ်တယ်။ အမှန်တကယ် အရပ် သားပြည်သူတွေက ဒီတိုက်ပွဲနဲ့လည်း မဆိုင်ဘူး လက်နက်မဲ့တဲ့ ပြည်သူလူထုဖြစ်တယ်။ စစ်ကောင်စီကတော့ သရဲဘောကြောင် ပြီးတော့ ဒီလိုမျိုးလုပ်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က နောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ အဆိုပါ ဗုံးကျဲချမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အသက် ၁၇ နှစ်အရွယ် အမျိုး သမီး ၁ ဦး၊ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ နောင်ချိုမြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာ အကွာတွင် ရှိသည့် တော်လှန်ရေးတပ် များထိန်းချုပ်ထားသည့် ကုန်းကြီးရွာမကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၁ လုံးကျဲခဲ့သဖြင့် နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် နောင်ချိုမြို့ ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာ လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ပါရမီလက်ဖက်ရည်ဆိုင်နှင့် နေအိမ်၂လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့မှ လက်ဖက်ရည်ဆိုင်အပေါ် ဗုံးကျဲမှုကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဝန်ထမ်းနှင့် လက်ဖက် ရည်သောက်နေသော ဧည့်သည်များဖြစ်ကာ ၇ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြား ၂ ဦးမှာမူ ဆေးရုံ သို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင်မူ အကြမ်းဖက်စစ်တပ်သည် ကျောက်မဲဆေးရုံကို လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကျဲချခဲ့သဖြင့် ဆေးရုံရှိ သားဖွားမီးယပ်ဌာန အဆောက်အအုံထိမှန်ပျက်စီးပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုတွင် CDM သူနာပြု ၂ ဦးပါဝင်ပြီး ဆေးရုံသို့လာရောက်ဆေးကုသမှုခံယူသော ပြည်သူ အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဒဏ်ရာပြင်းထန်သည့် ပြည်သူများကို လားရှိုးနှင့် မန္တလေးဆေးရုံသို့ ပို့ ဆောင်ကုသခဲ့ရကြောင်း သိရှီရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ကျောက်မဲမြို့တော်ခန်းမနှင့် ရပ် ကွက် ၂ ကို လေကြောင်းမှ ဗုံးကျဲခဲ့၍ နေအိမ် ၅ လုံးပျက်စီးခဲ့ကာ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ဦးခေါင်းပြတ်၍ သေဆုံးခဲ့ရကြောင်း၊ အသက် ၄၀ နှစ်နှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူများ ရှိရာသို့ လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်က နောင်ချိုမြို့ နယ်ရှိ ကျေးရွာသူ ရွာသားများကို တော်လှန်ရေးတပ်များကို ထောက်ပံ့သည်ဟု စွပ်စွဲ၍ အုပ်စုလိုက် ညဉ်းပန်းနှိပ်စက်မှုများလုပ်ဆောင်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ကျောက်မဲဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် အပျက်အစီးများကို မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article