ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ်ဓာတ်အား ပေးထားမှု တုံ့ဆိုင်းမှုမရှိဘဲ ဖြတ်တောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က အတည်ပြု ပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ် မြ၀တီမြို့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး မြန်မာဘ်ကအခြမ်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို လည်ပတ်နေမှုကို နှိမ်နင်းရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ပြောဆိုသည်။
ယနေ့တွင် ထိုင်းအစိုးရက ဝန်ကြီးအစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် တွေ့ဆုံ၍ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ ပြဿနာများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေခဲ့ကြောင်း ပြောဆိုသည်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ Phumtham က နိုင်ငံတကာသို့ လှည့်လည်လိမ်လည်နေသော ကျားဖြန့်ဂိုဏ်းများ အခြေစိုက်ရာ မြဝတီမြို့သို့ လျှပ်စစ်မီး ချက်ချင်းဖြတ်တောက်ရန် ထိုင်းလျှပ်စစ် အာဏာပိုင်အဖွဲ့ (PEA) ထံသို့ အမိန့်ပေး ညွှန်ကြား ထားကြောင်း ပြောဆိုသည်။
အမိန့်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့်အရာရှိမဆို ထိုင်းနိုင်ငံကို ထိခိုက်စေမည့် ငွေလိမ်ဂိုဏ်းများကို ခွင့်ပြုခြင်းကြောင့် နယ်ပြောင်းခံရခြင်း (သို့မဟုတ်) ပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
“ဘယ်သူမှ မတွန့်ဆုတ်ပါဘူး။ နယ်စပ် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ရင် ဓာတ်အား ချက်ချင်း ဖြတ်တောက်နိုင်မှာပါ” ဟု ထိုင်းဝန်ကြီး ချုပ်က ပြောဆိုသည်။
ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော်၍ လောင်စာဆီရောင်းဝယ်မှုများကိုလည်း ရပ်တန့်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို ဦးစား ပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အခု ဖြစ်ပျက်နေတာက ထိုင်းပြည်သူတွေနဲ့ နိုင်ငံရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်နေတယ်။ စာနာနားလည်မှုနဲ့ ဦးစားပေးအရေးကြီးတာကို မလုပ်ခဲ့ရင် ပြဿနာက ရေရှည်ဖြစ်သွားမယ်။ အခုအချိန်က ပြတ်ပြတ်သားသား အရေး ယူရ မယ့်အချိန်ပါ” ဟု ထိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ထိုင်းဝန်ကြီးချုပ်က ကျားဖြန့် ဂိုဏ်းများကို လျှပ်စစ်မီးပေးနေသည့်သူများကို တရားဥပဒေအရ အရေးယူမည်ဟုလည်း ကတိပြုပြောဆိုသည်။
“ဒါက နိုင်ငံတော်တော်များများကို အလေးထားတဲ့ ကိစ္စပါ။ ကျူးလွန်သူတွေကို အရေးယူမှု မလုပ်ရင် ထိုင်းနိုင်ငံရဲ့ ယုံကြည်စိတ်ချရမှု ဆုံးရှုံးနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
