အောင်ပန်းမြို့ ၊အမြောက်တပ် ၅၀၇ နှင့် အောင်ပန်း ရဲစခန်းတို့ ပူးပေါင်း၍ လူငယ်များကို ဖမ်းဆီးငွေညှစ်၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၈၅ သိန်းဖြင့် ပြန်ရွေးခိုင်းပြီး တိုင်ကြားလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ အမတ ၅၀၇ တပ်မှ ဆေးမှူး သိန်းစိုးနှင့် အောင်ပန်း ရဲစခန်းမှူးတို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေကျပ် ၈၅ သိန်းဖြင့် ပြန်ရွေး ထုတ်ခိုင်းပြီး တိုင်ကြားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလပိုင်းမှ စတင်၍ အောင်ပန်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၀၇ အမြောက်တပ်ရင်းမှ ဆေးမှူး သိန်းစိုးနှင့် အောင်ပန်းမြို့ ရဲစခန်းမှူးတို့ ပူးပေါင်းပေါင်းကာ မြို့ပေါ်ရှိ လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မိသားစုဝင်များကို အကြောင်းကြား၍ လူငယ် ၁ ဦးလျှင် ငွေကျပ် ၈၅ သိန်းဖြင့် ပြန်လည် ရွေးထုတ်ခိုင်းကြောင်း၊ ထိုသို့ သွားရောက်ရွေးထုတ်ရာတွင် မိသားစုဝင်များကို ဆေးမှူး သိန်းစိုးက အမှတ် ၅၀၇ အမြောက်တပ်ရင်းထဲကို လာရောက် ရွေးထုတ်ခိုင်းခြင်းဖြစ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်းကို အထက်အရာရှိများအား ပြန်လည် တိုင်ကြားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရသည်။
“လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးကို ၈၅ သိန်းနဲ့ ပြန်ရွေးခိုင်းတာပါ။ တချို့မိဘတွေကမရှိကြားက ပေါင်နှံပြီး ရွေးယူနေရပါတယ်။ ဘယ်သူမှလည်း ထုတ်မပြောရဲကျတော့ အရေးမယူကျဘူး။ အောင်ပန်းမှာ လုပ်စားလို့ကောင်းနေတာပါ။ သူတို့က ခြိမ်းခြောက်ထားတာပါ။ ဒီနေ့ လာတိုင်ရင် မနက်ဖြန် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ ဘယ်သူမှလည်း မတိုင်ရဲကြဘူး။ နောက်နေ့ အလောင်းဖြစ်သွားမယ်ဆိုပြီးလည်း ပြောပါတယ်။ သူတို့နဲ့လည်း ပြဿနာ မဖြစ်ရဲကျတော့ ငုံ့ခံနေကြရပါတယ် ပြည်သူ အားလုံးလည်း ကြောက်ကြလို့ မပြောရဲပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဆေးမှူး သိန်းစိုးနှင့် ရဲစခန်းမှူးတို့သည် လိုင်စင်မဲ့ ကားများကိုလည်း လိုက်လံဖမ်းဆီးပြီး လိုက်စင်ကြေးဖြင့် ပြန်လည် ရွေးယူခိုင်းကြောင့် ပြည်သူများ မရွေးနိုင်ကြကြောင်း၊ ထိုသို့ လာရောက် ရွေးယူခြင်းမရှိသော ကားများကို ၎င်းတို့က ပွဲစားများဖြင့် ပြည်သူများထံ သိန်းရာချီဖြင့် ပြန်လည် ရောင်းစားခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
“လိုင်စင်မဲ့ ကားတွေကိုလည်း သူတို့အဖွဲ့ပဲ ဖမ်းပြီး သူတို့ ပြန်ရောင်းစားကြတာ ကားပိုင်ရှင်တွေလည်း စိတ်နာနေကြပါတယ်။ ကားတွေပါ သိမ်းပြီးသူတို့က ရောင်းစားပစ်တာပါ။ လူကော ကားကော ဖမ်းတာဆိုတော့ လူရွေးဖို့ အတွက်က ပိုက်ဆံ သပ်သပ်ပေးရတယ်။ ကားအတွက်က ပိုက်ဆံသပ်သပ်နဲ့ ထပ်ရွေးခိုင်းတာပါ။ ကားကို ပြန်ရွေးရင်လည်း လိုင်စင်စျေး တောင်းတာဆိုတော့ လိုင်စင်မတတ်နိုင်လို့ လိုင်စင်မဲ့စီးကြတာကို လိုင်စင်စျေးနဲ့ ပြန်ရွေးခိုင်းတော့ ဘယ်သူမှ မရွေးနိုင်ဘူး။ ကျနော်တို့ ပြည်သူတွေမှာ ရှိစုမဲ့စု လေးဆိုတော့ ဒုက္ခတွေကြားထဲမှာ ခံနေရတာပေါ့” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အဆိုပါ အောင်ပန်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၀၇ အမြောက်တပ်ရင်းမှ တပ်မှူးသည် ရှေ့တန်းသို့ ရောက်ရှိပြီး ဆေးမှူး သိန်းစိုးသည် တပ်ရင်းအတွင်း စိတ်ကြိုက် လုပ်ဆောင်ကာ အောင်ပန်း ရဲစခန်းမှူးတို့ နှင့်ပူးပေါင်း၍ ပြည်သူများကို ပေါ်တာဆွဲ ခြိမ်းခြောက်ပြီး ငွေညှစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။