ကြာအင်းဆိပ်ကြီး၊ အနန်းကွင်းရွာကို စစ်တပ်က ၈ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ၊ ညောင်ရွှေ ရေပူကျေးရွာကို စစ်တပ်နှင့် PNA က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ မီးလောင်ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းရွာကို အကြမ်းဖက် စစ်တပ်က ၈ ရက်ဆက် မီးရှို့ခြင်းကြောင့် နေ အိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အနန်းကွင်းဗျူဟာစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနန်းကွင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထား မီးရှို့ဖျက်စီးမှုကို Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 မှ တော်လှန်ရေး ရဲဘော်များက မှတ်တမ်း ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က ညောင်ရွှေမြို့ စံကားအင်း အနောက်ကမ်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပြည်သူပိုင် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း၊ ဒေသနေပြည်သူများသည်လည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။