တစ်နိုင်ငံလုံးက လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲကာ အဓမ္မစစ်မှုထမ်းခိုင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်များနှင့် ရာထူးကြီးထိပ်ပိုင်းအသိုင်းအ၀ိုင်း၏ သား သမီးမြေးမြစ်များ မပါဝင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အမှတ် ၁ မှ အမှတ် ၉ အထိ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလုံးက လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲကာ အဓမ္မစစ်မှုထမ်းခိုင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် စစ်ဗိုလ်ချုပ်များ၏ သား သမီးမြေးမြစ်များ မပါဝင်သေးကြောင်း စိစစ်တွေ့ရှိရသည်။
တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အဓမ္မစစ်မှုထမ်းခိုင်းသည့်အပြင် ပြည်ပထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်သည့်အတွက် လူငယ်များစွာ ဒုက္ခများစွာ ကြုံတွေ့နေသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ၂၀၂၄ ခုနှစ် မေလမှစတင်ကာ စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ဇန်နဝါရီလ နှောင်းပိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၉ ကို ဖွင့်လှစ်ခဲ့သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှစတင်၍ စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများတွင် စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်နေသည့် သားသမီး၊ မြေးမြစ်များ ပါဝင်နေသော်လည်း လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၉ အထိ စစ်မှုထမ်းကြခြင်းမရှိသေးပေ။
CDM ဗိုလ်ကြီးလင်းထက်အောင်ကမူ စစ်မှုထမ်းဥပဒေတွင် စစ်ဗိုလ်ချုပ်နှင့် စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးများ ယခုအချိန်အထိ မပါဝင်သေးကြောင်း ပြောဆိုသည်။
” ထိပ်ပိုင်းဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးတွေဆိုရင်တော့ ဝေးဦးမယ် အခုက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှာတင် ရပ်ကွက်လူ ကြီး၊ ရွာလူကြီးရဲ့ သားတွေ၊ တူတွေနဲ့ ဆွေမျိုး မကင်းတွေတောင် စစ်မှုထမ်းရတဲ့ စာရင်းမှာ မပါဘူး။ တကယ်တမ်း စစ်မှုထမ်းနေရတာက အခြေခံလူတန်း စားနဲ့ ဆင်းရဲသား ဝင်ငွေနည်း မိသားစုက လူငယ်တွေက အများစုပါ။ ငွေရှိတဲ့သူက ငွေနဲ့ ရွေးထုတ်တယ်။ အာဏာနဲ့ လုပ် ပိုင်ခွင့်ရှိတဲ့သူက သူတို့ သားနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက တူသားတွေ မပါအောင် အာဏာ လုပ်ပိုင်ခွင့်နဲ့ တားဆီးကြတယ်။ ဒီဥပဒေကြောင့် တကယ်တမ်းခံရတာ ပြည်သူလူထုတွေပါပဲ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်က ယခုဖော်ပြထားသည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဘက်မှ သား သမီး မြေးမြစ်များ၏ အချက်အလက်များထဲတွင် မပါဝင်သေးသူများကို သိရှိပါက ရန်ကုန်ခေတ်သစ်ထံ သတင်းပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်