ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့ အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂ မှ တပ်သားသစ် ၅ ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက သွားရောက် ခေါ်ထုတ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၅ ဦးသည် သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံးယူဆောင်လာခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ထဲမှ လောင်းလုံး ပကဖ ရဲဘော်အဖြစ် တော်လှန်ရေး အတွင်း ဆက်လက် တာ၀န်ထမ်းဆောင်မည့်သူ နှင့် နိုင်ငံခြား သို့ ထွက်ခွာမည့်သူများကို စိစစ်လက်ခံ ကြိုဆိုခဲ့ပြီး လက်နက်ဖြင့် အလင်း၀င်ရောက်လာသူများကိုလည်း ဆုငွေများဖြင့်ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“အဓိကကတော့ စစ်မှုထမ်းအပတ်စဉ် အလိုက်ပါသွားတဲ့ သူတွေအနေနဲ့ ပြည်သူကနေ အလို မတူဘဲ အဓမ္မအတင်းဆွဲခေါ်ခံရတာဖြစ်လို့ ကျနော်တို့အနေနဲ့ အမြန်ဆုံး ချိတ်ဆက်အလင်း၀င်ဖို့ ပြောချင်တယ်။ တကယ်လို့ အချိတ်ဆက်မမိခဲ့သည်ရှိရင်လည်း ရှေ့တန်း တစ်နေရာရာမှာ ထွက်ပြေး လွတ်မြောက်နိုင်ဖို့ ကျနော်တို့ ကြိုးစားပေးမှာဖြစ်တယ်။ အဓိကကတော့ သူတို့ ကိုယ်တိုင်ထွက်ပြေးချင်စိတ်နဲ့ စွန်းစားရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တကယ်ပြေးရင် တကယ်လွတ်တယ်ဆိုတာကို အခုလွတ်မြောက်လာတဲ့သူတွေ ကိုယ်တိုင်သက်သေပြနေပါတယ်။ အားလုံးပေါင်း ၅ ဦး အလင်းဝင်တာ ကျနော်တို့ဆီ လာရောက်အလင်း၀င်ထားပါတယ်။ အဲဒီမထဲမှာ G-3 သေနတ် ၁ လက်နဲ့ လက်ပစ်ဗုံး ၁ လုံးလည်း ယူဆောင်လာတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ အချိန်မရွေး ဆက်သွယ် ကူးပြောင်းနိုင်ပြီး အချိန်မီထွက်ခွာရန်နှင့် လက်နက်ဖြင့် အလင်း၀င်ရောက်ကြရန် ကြိုဆိုလျှက်ရှိကြောင်း၊ စစ်ကောင်စီ လက်အောက်မှ အချိန်မှီ ထွက်ခွာလိုသူများနှင့် အလင်း၀င်ရောက်လိုသူများ အနေဖြင့် စိတ်ချလက်ချ ချိတ်ဆက် ၀င်ရောက်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်တွင် အသက်ပေးတိုက်ခိုက်ရခြင်းထက် ပြည်သူ့ရင်ခွင်၌ အသက်ပေးရင်ဆိုင် ဖြတ်သန်းရခြင်းက ပို၍ အဓိပ္ပါယ်ရှိကြောင်း၊ တိုက်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရပါက ငဲ့ညှာနိုင်မည်မဟုတ်ဘဲ ကြိုတင် ချိတ်ဆက် အလင်း၀င်ရောက် လိုသူများသာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ဆက်လက် ပြောဆိုသည်။
ထို့ပြင် ရေဦးမြို့နယ်တွင်လည်း အမှတ် ၁၀၇၀ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး လက်နက်ယူဆောင်ခြင်းမရှိဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောဆိုသည်။
ဇန်နဝါရီလအတွင်း အမှတ် ၁၀၇၀ သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက်သည် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံကို အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်မပါဘူး။ ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ စီစဉ်ထားတယ်။ အခုတော့ ကျွန်တော် တို့ဆီမှာ စောင့်ရှောက်ထားပါတယ်။ အခုလိုမျိုး အမှန်တရားကို မြန်မြန်သဘောပေါက်နားလည်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံနိုင်ဖို့ ကျန်ခဲ့တဲ့ သူတွေကို အသိတရားမြန်မှန်ရစေချင်ပါတယ်”ဟု ပြည့်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476772471_987513096809630_4764364762798235481_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476832810_987513173476289_5861828537217239604_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476803916_987513276809612_6317166355471917348_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476611595_987513350142938_9018755179440149377_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476355430_987513426809597_3812694284908322948_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476764161_987513480142925_8460356137049667986_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476833886_987513526809587_5616937457623841830_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476314932_987513586809581_4300778757027506753_n.jpg)