31 C
Yangon

NUCC အဖွဲ့ဝင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း ၁

Must read

By ရန်ကုန်ခေတ်သစ်

“ဒီတော်လှန်ရေးမှာ NLD က သူတို့ဆက်ရှိနေတယ်ဆိုတာက အဓိကပါပဲ။ မဟာမိတ် အနေနဲ့လည်း NUCC မှာ ဆက်ပြီးပါဝင်နေတယ်ဆိုတာက သူတို့ Commitment ကိုပြောတယ်။ ဒါကြောင့် အဲဒါနဲ့ပတ်သက်လို့တော့ ပြည်သူ လူထုကို မဝေဝါးသွားစေချင်ဘူး။ ဒါက NLDက ရန်သူမဟုတ်ဘူးဆိုတဲ့ သဘောမျိုးကို ပြောချင်တာပါပဲ။ ဘုံရန်သူ စစ်တပ်ကတော့ ဆက်ပြီးရှိနေပါတယ်။ အရေးကြီးတာက ဘုံရန်သူကို အတူတကွဆန့်ကျင်ပြီးတော့ ဘယ်လိုအတူတကွတိုက်ဖျက်ကြမလဲဆိုတဲ့ အခြေခံပေါ် မှာပဲ ကြည့်သင့်တယ်”


အမျိုးသားညီညွတ်ရေးကောင်စီ NUCC တွင် NLD ပါဝင်ခြင်း၊ မပါဝင်ခြင်းဆိုသော အခြေအနေများက အငြင်းပွားမှု တစ်ရပ်အနေဖြင့် ဖြစ်ပေါ်လျက်ရှိရာ NUCC အဖွဲ့ဝင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ NUCC ရဲ့ ပထမဆုံးပြည်သူ့ညီလာခံပြီးတဲ့နောက်ပိုင်း အခုဆိုရင် ၅လ လောက်လည်း ရှိလာပြီဆိုတော့ လက်ရှိ NUCC မှာ ဘယ်လိုအခြေအနေ တွေရှိနေလဲဆိုတာကို ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။ ။ အဓိကက NUCC ရဲ့ တာဝန်ပေါ်မှာအခြေခံပြီးသွားနေကြတာပေါ့။ပေါ်လစီတွေ review လုပ်တယ်။ပေါ်လစီ ဒီဘိတ်လုပ်တယ်။ Strategy တွေဆွဲကြတယ်။ implementation အပိုင်းမှာလည်း နိုင်ငံတကာသံတမန်ရေးရာ မှာပဲ ဖြစ်ဖြစ် ပြည်တွင်းရေးရာ ကိစ္စတွေမှာပဲဖြစ်ဖြစ် ဘယ်လိုပြောမလဲ Common Ground တွေ ချနိုင်ဖို့ အတွက် ပေါ်လစီနဲ့ပတ်သက်တာတွေတော့ ဆွေးနွေးတာတွေရှိကြပါတယ်။

မေး။ ။ ပြည်သူ့ညီလာခံပြီးတဲ့ နောက်ပိုင်းမှာ ရလာတဲ့ အချက်အလက်တွေပေါ်မှာ ဘယ်လိုတိုးတက်အောင် လုပ်နေတာမျိုးတွေရှိလဲခင်ဗျ။

ဖြေ။ ။ ပြည်သူ့ညီလာခံက အဓိကပြောရမယ်ဆိုရင်တော့ ချာတာကိုအတည်ပြု လုပ်လိုက်တာပေါ့။ ချာတာထဲ မှာလည်း အပိုင်းက နှစ်ပိုင်းရှိတယ်။အပိုင်းတစ်က ဖက်ဒရယ်ပြည်ထောင်စုထူထောင်တဲ့နေရာမှာ principal လိုဟာမျိုးတွေ ရှိတဲ့အခါကြတော့ အနာဂတ်အတွက် ပိုပြီးရည်ရွယ်ရေးထားတဲ့သဘောတော့ ရှိတယ် ဆိုပေမယ့် လက်ရှိကာလမှာလည်း Concept ကိုအခြေခံပြီးတော့ implementation ဒီဘက်က တော်လှန်ရေးကာလ အတွင်းမှာ ညှိနှိုင်းလုပ်ဆောင်တဲ့အပိုင်းတွေကို အခြေခံပြီးတော့ အဲဒီ Concept တွေနဲ့သွားကြတာရှိပါတယ်။

အဲဒီတော့ တဖက်မှာလည်း အပိုင်းနှစ်ပေါ့နော်။ ချာတာရဲ့ အပိုင်းနှစ်ကတော့ ပိုပြီးတော့ တော်လှန်ရေးကာလမှာ အဖွဲ့အစည်းတွေကြားမှာ ညှိနှိုင်းလုပ်ဆောင်တဲ့ အပိုင်းတွေ NUG ရဲ့ Role တွေနဲ့စသဖြင့် အဲဒီအပိုင်းတွေမှာ ပတ်သက်ပြီးတော့ ချာတာကို အခြေခံပြီးတော့ ညှိနှိုင်းလုပ်ဆောင်မှုတွေရှိပါတယ်။

မေး။ ။ NLD ပတ်သက်ပြီးတော့ အခုလက်ရှိမှာ NUCC ကနေ နုတ်ထွက်သွားပြီး မဟာမိတ်အနေနဲ့ ရပ်တည်မယ် ဆိုတဲ့သတင်းတွေလည်းထွက်တယ်။တခြားတဖက်မှာလည်း NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့ CRPH ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့် ကနေပြီးတော့ NLDက NUCC ကနေ နုတ်ထွက်တာမဟုတ်ဘူး၊ အရင်ထဲက CEC ဆုံးဖြတ်ချက် မရှိတဲ့အတွက် မပါခဲ့တဲ့ပုံစံမျိုးပြောတယ်၊ CRPHဆိုတာလည်း NLDက လူတွေပဲလို့ပြောတယ်ဆိုတော့ ဒါက ဘာပြဿနာရှိနေတာလဲ။ NUCC နဲ့ NLD က လမ်းခွဲတာလား၊ မဟာမိတ်အနေနဲ့ဆက်သွားတာလား ဘာတွေများ ဖြစ်နေတာပါလဲ။

ဖြေ။ ။ NUCC အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော်မြင်တွေ့တာကတော့ ကျွန်တော်တို့ကို inform လုပ်တာက NLD က CEC တွေလည်း အကုန်လုံးနီးပါးထောင်ထဲမှာရောက်တာတို့ ခေါင်းဆောင်ကြီးတွေလည်း အကျယ်ချုပ်တို့ ဘာတို့ဖြစ် ဆိုတော့ CEC ကိုပြန်လည်ကျင်းပနိုင်ခြင်းမရှိတဲ့ ကာလမှာ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာတော့ အခက်အခဲရှိတယ်။

ဒီအခြေခံပေါ်မှာမူတည်ပြီးတော့ သူတို့ မဟာမိတ်အနေနဲ့ပါမယ်ဆိုပြီးတော့ ရှိပါတယ်။ဒါပေမယ့် ကျွန်တော်ပြော ချင်တာက ဒီလိုပါ အဖွဲ့အစည်းတိုင်းက သူ့သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ကြားထဲမှာရှိတဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေ သူနည်းသူဟန်နဲ့ ရှိထားကြပါတယ်။

ဒါပေမယ့် အဖွဲ့အစည်းဆိုလိုပြောတဲ့နေရာမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ပြောချင်တာဖြစ်ပါတယ်။ သူတို့လည်း ရှင်းရှင်းပြောရရင် NLD ပါတီက လူထုရဲ့ တောင်းဆို မှုနဲ့ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်ခဲ့တဲ့ ပါတီဖြစ်သလို တဖက်မှာလည်း သူတို့ရင်ဆိုင်ရတဲ့ ပါတီတွင်းမှာ ညှိနှိုင်းလုပ်ဆောင်ဖို့ လိုတဲ့အချိန်ပိုင်းတွေလိုပါလိမ့်မယ်။

အဲဒီအခြေခံပေါ်မူတည်ပြီးတော့ လောလောဆယ် ကျွန်တော်တို့နဲ့ မဟာမိတ် အနေနဲ့ဆက်သွားမယ်ဆိုတာကတော့ အဓိကကတော့ ဒီတော်လှန်ရေးမှာ NLD က သူတို့ဆက်ရှိနေတယ်ဆိုတာက အဓိကပါပဲ။ ဒါကြောင့် အဲဒါနဲ့ပတ်သက်လို့တော့ ပြည်သူလူထုကို မဝေဝါးသွားစေချင်ဘူး ကျွန်တော်တို့အားလုံးဟာ တစ်လှေတည်းမှာရှိနေတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ NLD အရင်တုန်းကတည်းက NUCC မှာပါခဲ့တာလား အခုမှ မဟာမိတ်အဖြစ်ပြောင်းသွားတာလား အဲဒါလေးရှင်းပြပေးပါ။

ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့မြင်တဲ့အပိုင်းပဲ ကျွန်တော်တို့ပြောလို့ရမယ်။ပြောချင်တာက ချာတာကိုဆွေးနွေး ခဲ့တဲ့အပိုင်းမှာ သူတို့ကိုယ်တိုင် တက်တက်ကြွကြွပါခဲ့တာရှိတယ်။ဒါပေမယ့်ချာတာကို assembly ကနေ prove လုပ်တဲ့အခါမှာ ရှင်းရှင်းပြောရရင် Statement တွေဘာတွေထုတ်ခဲ့တာလည်း ရှိပါတယ်။

အပြည့်အဝ ထောက်ခံ တဲ့ အကြောင်း ၂၀၀၈ကို ဖျက်သိမ်းတဲ့အကြောင်း ဆိုတော့ ကျွန်တော်ပြောချင်တာက မရော ထွေးစေချင်တာပါ။ NLD ပါတီက ပြည်သူလူထုထောက်ခံတဲ့ပါတီဖြစ်တဲ့အခါကြတော့ ပြည်သူလူထုတောင်း ဆိုချက်ကို သူတို့လိုက် လုပ်မယ့် ပါတီလို့ပဲကျွန်တော်တို့နာလည်းလို့ရတယ်။

ဒါပေမယ့် ပါတီတစ်ခု အဖွဲ့အစည်းတစ်ခုရဲ့ သက်ဆိုင်ရာ အတွင်းကစည်းမျည်းစည်းကမ်းတွေ အပေါ်မှာအခြေခံပြီး တချို့ကာလတွေမှာလည်း သူ့အနေအထားနဲ့ သူဖြေရှင်းရတဲ့အပိုင်းတွေကိုတော့ ကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်။ဒါပေမယ့် တော်လှန်ရေးကိုပဲခြုံပြီး ကြည့်စေချင်ပါတယ်။

NLD က တော်လှန်ရေးအတွက် သူတို့ကဆက်ပြီးရှိနေတယ်။ မဟာမိတ် အနေနဲ့လည်း NUCC အနေနဲ့ဆက်ပြီးပါဝင်နေတယ်ဆိုတာက သူတို့ Commitment ကိုပြောတယ်ဆိုတာ ကျွန်တော်တို့နားလည် နိုင်တာပေါ့နော်။

မေး။ ။ NUCC ကနေ NLD နှုတ်ထွက်သွားပြီ လမ်းခွဲသွားပြီဆိုတဲ့ အပြောမျိုးတွေ ဝေဖန်မှုမျိုးတွေက မမှန်ဘူးလို့ ပြောလို့ရတာပေါ့။

ဖြေ။ ။ လမ်းခွဲတယ်ဆိုတာက ဘယ်လိုအခြေခံပေါ်မှာ ယူဆပြီးသတ်မှတ်မလဲဆိုတာပေါ်မှာ မူတည်တာပေါ့ ဥပမာ အဖွဲ့အစည်းတစ်ခုတည်းမှာပါလို့ အဲဒီအဖွဲ့အစည်းထဲကထွက်တယ်ဆိုတာကို လမ်းခွဲတယ်လို့ သတ်မှတ် တယ်ဆိုရင် သတ်မှတ်တဲ့လူရဲ့သဘောထားပေါ့ ။

ဒါပေမယ့် ကျွန်တော်ပြောချင်တာက NUCC ကရှင်းရှင်းပြောရင် ၃၃ ဖွဲ့ပါတယ်ဆိုပေမယ့် ပြင်ပကအဖွဲ့အစည်းတွေလည်းအများကြီးလည်းရှိပါတယ်။အရေးကြီးတာက စစ်အာဏာရှင် စနစ်ကြီးကို တော်လှန်ဖို့အတွက် ဘုံရပ်တည် ချက်က ခိုင်ခိုင်မာမာရှိကြပြီဆိုရင် သက်ဆိုင်ရာပါတီ အဖွဲ့အစည်း တွေရဲ့ Platform မတူညီတဲ့အခြေခံအပေါ်မှာ အရေးကြီးတာက ဘုံရန်သူကို အတူတကွဆန့်ကျင်ပြီးတော့ ဘယ်လိုအတူတကွတိုက်ဖျက်ကြမလဲဆိုတဲ့ အခြေခံပေါ် မှာပဲ ကြည့်သင့်တယ်လို့ ကျွန်တော်ထင်တာပေါ့နော်။

ဒါကြောင့်တဖက်မှာတော့ သက်ဆိုင်ရာပါတီစည်းမျည်းစည်းကမ်းတွေအပေါ်အခြေခံပြီး အသံလေးတွေ ထွက်လာတဲ့အပေါ်မှာတော့ မရောထွေးသွားစေချင်တာကို ပြောချင်တာပါ။ ဦးအောင်ကြည်ညွှန့် ပြောသွားတာ ကလည်း မဟာ မိတ်အနေနဲ့မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ဆက်ပြီးရှိမယ်လို့ ပြောသွားတဲ့အခါကြတော့ ဒါက NLDက ရန်သူမဟုတ်ဘူးဆိုတဲ့ သဘောမျိုးကိုပြောချင်တာပါပဲ။ ဘုံရန်သူ စစ်တပ်ကတော့ ဆက်ပြီးရှိနေပါတယ်။

အဲဒီတော့ NUCC ကနေတော့ ပြောနိုင်တာက ကျွန်တော်တို့မှာ ပေါ်လစီရှိပါတယ် ချာတာထဲမှာကြည့်ရင်တွေ့ပါတယ်။

အဖွဲ့စည်းတွေအနေနဲ့ ရှိထားတဲ့အဖွဲ့အစည်းတွေကို NUCC Platform ကနေပြီးတော့ ဆွေးနွေးညှိနှိုင်း တိုင်ပင်ရင်းနဲ့ ပိုပြီးတော့ ဒီမိုကရက်တစ် practice တွေအနေနဲ့ ဖက်ဒရယ် Conceptတွေ ကိုအခြေခံပြီး အတူတကွပိုပြီး ခိုင်မာအောင် ညှိနှိုင်းလုပ်ဆောင်ရင်းနဲ့ အဖွဲ့ဝင်အသစ်တွေလည်း ပါလာအောင်လုပ်ကြမယ်ဆိုတဲ့ ရပ်တည်ချက်ကရှိထားပြီးသားပါ။

အဲဒီတော့ ကျွန်တော်ပြောချင်တာက အဖွဲ့ဝင်သစ်လို့ ပြောကတည်းက NUCC ထဲမှာအားလုံးတော့ စုံစုံစိစိ ပါတာတော့မဟုတ်ပါဘူးဆိုတာကို ပြောချင်တာပါ။ဒါကြောင့် အရေးကြီးတာက မတူညီတဲ့ Platform ကနေ ဘုံရန်သူကိုအတူတကွ နည်းပေါင်းများစွာနဲ့ ကိုယ်ကျွမ်းကျင်ရာလိမ္မာရာနဲ့ ဝိုင်းပါဝင်ကြဖို့ ပြည်သူအပါအဝင်ပေါ့ဗျာအဲဒါက အရေးကြီးပါတယ်။

ဓာတ်ပုံ- KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး။

Photo Credit- KNU Page

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article