ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီး ပြည်ပရောက် အလုပ်သားများထံမှ ကောက်ယူ ရရှိသော နိုင်ငံခြားငွေနှင့် CMP လုပ်ငန်းများမှ ရရှိသော နိုင်ငံခြားငွေများ ရရှိနေသော်လည်း ရရှိသင့်သလောက် မရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံ ညဉ်းတွားသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်နယ်/တိုင်းစစ်ကောင်စီ ဝန်ကြီးချုပ်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ညဉ်းတွားလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး လစာနှင့် ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ အခက်အခဲများနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ကုန်စျေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ ကုန်သွယ်မှုကြောင့် နိုင်ငံခြားငွေများရရှိသကဲ့သို့ Non Trade များမှလည်း နိုင်ငံခြားငွေများ ရရှိကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် ကုန်သွယ်မှုမှ နိုင်ငံခြားငွေ လိုအပ်မှုမှာ ၂၄ ဘီလီယံကျော်ခန့်ရှိကြောင်း၊ လိုအပ်သည့် နိုင်ငံခြားငွေများကို အခြားပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများနှင့် Non Trade များမှ ရရှိသည့် ငွေများဖြင့် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
စစ်ကောင်စီလက်ထက်တွင်မူ နိုင်ငံခြားချေးငွေများ မရရှိတော့ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ CMP လုပ်ငန်းများမှလည်း နိုင်ငံခြားငွေများ ရရှိကြောင်း၊ အခြားနိုင်ငံများတွင် ပြည်ပသို့သွားရောက် အလုပ်လုပ်သူများထံမှ နိုင်ငံခြားငွေများရရှိကြောင်း၊ သို့သော် ရသင့်သလောက် မရရှိသည်ကို တွေ့ရကြောင်း မင်းအောင်လှိုင်က ဆိုသည်။
UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက စစ်ကောင်စီတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေသည်ကို စစ်ခေါင်းဆောင်က ယခုကဲ့သို့ ဝန်ခံလာခြင်းမှာ ထူးခြားကြောင်း၊ စစ်ခေါင်းဆောင်မှာ အချိန်တိုင်း နိုင်ငံ့စီးပွားရေးတိုးတက်နေသည်၊ ကုန်သွယ်မှု တိုးတက်နေသည်ဟု ပြောဆိုနေပြီး လက်တွေ့ အခြေ အနေကို လက်မခံခဲ့ရာမှ ယခုကဲ့သို့ ဝန်ခံလာခြင်းမှာ စစ်ကောင်စီထံတွင် နိုင်ငံခြားငွေ အကျပ်အတည်း အလွန်ဖြစ်နေသည်ကို ထင်သာမြင်သာ ဖြစ်စေကြောင်း သုံးသပ်ပြောဆိုသည်။
“တစ်လျှောက်လုံး ဒေါ်လာစျေးကို ထိန်းချင်လို့ ဗဟိုဘဏ်က ရှိသမျှ ထုတ်ရောင်းပေးလာတာ အခု နောက်ဆုံး ဒီလို ဝန်ခံလာတယ်ဆိုရင်တော့ ဆက်ပြီးတောင့်မခံနိုင်တော့ဘူးလို့ ယူဆပါတယ်။ နိုင်ငံရေး အပြောင်းအလဲ မရှိဘဲနဲ့တော့ စီးပွားရေး တိုးတက်လာစရာ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစရာ၊ နိုင်ငံခြားဝင်ငွေတွေ တိုးလာစရာကတော့ မရှိပါဘူး။ တစ်ချိန်လုံး စီးပွားရေးတိုးတက်နေတယ်၊ ကုန်သွယ်မှုတိုးတက်နေပါတယ်ဆိုပြီး ပြောနေတဲ့ နစက က သူတို့မှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီလို့ ဝန်ခံလာခဲ့ပြီဆိုတော့ ဒါက တိုင်းပြည်ဘဏ္ဍာရေး အခြေအနေ အတော်ဆိုးနေပြီဆိုတာ သိသာစေတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476836779_988796760014597_616387237891491767_n.jpg)