ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Myaing Supportion Battalion (MSB) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် ၊ ကုက္ကိုစုရွာမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော စစ်သား၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်လုံးရွာ အနီးအရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေးဆုံး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် ထိုအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြိုင်မြို့နယ် ၊ ဝါးရင်းချိုင်ရွာ အနီး အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လက်ရှိတော့ အဲဒီစစ်ကြောင်းက စက်မှု ၂ ထဲရောက်နေပါတယ်။ ၉ ရက်နေ့ တစ်ရက်တည်း ၂ ကြိမ်ဖြစ်တာပါ။ မနက်ပိုင်းတစ်ကြိမ်နဲ့ ညနေပိုင်း တစ်ကြိမ်ပါ။ အဲဒီစစ်ကြောင်းက ဇန်နဝါရီလ ၅ ရက်လောက် ကတည်းက ပခုက္ကူကနေ ကား ၃၂ စီးနဲ့ ထွက်လာတဲ့ စစ်ကြောင်းပါ” ဟု Myaing Supportion Battalion (MSB) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myaing Supportion Battalion (MSB) ၏ ထောက်ပို့ခံတပ်ရင်းများဖြစ်သော ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း၊ အမှတ် ၆ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်း၊ အမှတ် ၁၅ တပ်ရင်း ၊ အမှတ် ၁၇ တပ်ရင်းများနှင့် မဟာမိတ်တပ်ရင်း၊ LPDF များ ဒေသခံ ပကဖ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/478229346_989093136651626_4344893080220369314_n.jpg)