မြင်းခြံမြို့နယ်၊ တလုပ်မြို့ကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများလုယက် ခိုးယူ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများလုယက် ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ကျေးရွာအတွင်း အခြေချ တပ်စွဲထားသော စစ်ကောင်စီတပ်များက နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ သယ်ယူကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေပိုင်းမှစတင်၍ ညပိုင်းအထိ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့ ညနေ ၅ ခွဲလောက်မှာ ကျနော်တို့ကနေပြီးတော့ ရွာထဲမှာပစ္စည်းသယ်နေတဲ့စစ်သားနဲ့ပျူစောထီးတွေကို ၆၀ မမနှစ်လုံးပစ်ခဲ့တာပေါ့။ အဲဒီမှာ စစ်တပ်က သူတို့ လူတွေ ထိတယ်ဆိုပြီး မြို့လုံးကျွတ်မီးရှို့တာ။ မနေ့ညနက်ပိုင်းအထိတော့ တစ်ညလုံးမီးတောက်တွေကိုမြင်နေရပါတယ်။ သုံးနေရာခွဲရှို့တာ။ တစ်ရွာလုံးတော့ ပါမယ်ထင်တယ်။ မနေ့ညနေက ရွာလုံးကျွတ် မီးရှို့နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြင်းခြံမြို့နယ်၊ တလုပ်မြို့တွင် စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး လာရောက် တပ်စွဲခဲ့ကြောင်း၊ ၄ နှစ်ကြာ တပ်စွဲထားသော စစ်တပ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့ကာကွယ် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်း တိုက် ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သဖြင့် တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“တလုပ်မြို့မှာ စစ်တပ်က တပ်စွဲထားတာ ၄ နှစ်ကျော်ကြာနေပြီ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျနော်တို့က စပြီးတော့ တိုက်တယ်။ မြေပြင်အခြေအနေမှာ လုံး၀အသာစီးရထားပေမယ့် စစ်တပ်က လေကြောင်းကနေပြီး အဆမတန် အင်အားသုံးလာလို့ ကျနော်တို့ ခဏ ယာယီ နောက်ပြန်ဆုတ်ခဲ့ရတယ်။ အဲဒီကတည်းက စပြီး စခတွေက မြို့ထဲ ပစ္စည်းတွေကို ဖောက်ထွင်း လုယက်ယူပြီးတော့ အခုနောက်ဆုံး ခုရွာလုံးကျွတ်မီးရှို့တာဖြစ်ပါတယ်” ဟု ဒေသတော်လှန်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ တလုပ်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေးတပ်များဘက်မှလည်း ၁ ဦးကျဆုံးကာ ပြည်သူတချို့လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး လုယက်နေသော တလုပ်မြို့ဟောင်းသည် မြင်းခြံ-ဆီမီးခုံ ကားလမ်းဘေးတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ရွာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
