တရုတ်နှင့်ရုရှား အပါအဝင် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီများ မြန်မာနိုင်ငံတွင် ထူထောင်ခွင့်ပြုပြီး တိုက်ပွဲများတွင်တိုက်ရိုက်စစ်ရေး အကူအညီများ စစ်ကောင်စီက ရယူလာနိုင်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် ပြည်တွင်းပြည်ပ လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ ထူထောင်ခွင့်ပြုလိုက်ပြီး ယင်းကုမ္ပဏီများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ခွင့်ပြုကြောင်း ပြဋ္ဌာန်းထားသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈ (၄) တွင် လုပ်ငန်းလိုအပ်ချက်အရ လိုင်စင်ရရှိသူက သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လက်နက်ဥပဒေ၊ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ကိုင်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဓိကကျသော အချက်အနေဖြင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များနှင့် ကုမ္ပဏီများသည် စစ်ကောင်စီ၏ လက်အောက်ခံရဲနှင့် စစ်တပ် အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉ (င)တွင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုက နိုင်ငံ တော်၏ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အကြောင်းကြားပါက ငြင်းပယ်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် ပြည်တွင်းစစ်ပွဲများတွင် အသာစီးပြန်ရရေး၊ နယ်မြေများ ပြန်လည်ရရှိရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ထူထောင်ခွင့်ပြုကာ စစ်ရေးအကူအညီများ ရယူလာနိုင်ကြောင်း CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပြောဆိုသည်။
” နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေကို ခွင့်ပြုပြီးရင် အဲဒီဟာတွေက စစ်ကောင်စီလက်အောက်ခံမဟုတ်ရင်တောင် သူတို့နဲ့ မဟာ မိတ်သဘောလို့ ကျနော်ကတော့ထင်တယ်။ စစ်ကောင်စီက သူတို့အနိုင်ရဖို့အတွက် တရုတ် ရှရှားတို့နဲ့ ဘာမဆို တွဲလုပ်နိုင်တယ်။ စစ်ပွဲတွေမှာ မပါဝင်ရင်တောင် စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ နည်းပညာနဲ့ နည်းဗျုဟာတွေကို အကူအညီပေးလာမှာလို့ မြင်တယ်” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
လတ်တလော AA ၏ ထိုးစစ်ကြောင့် လုံခြုံရေး အထူး စိုးရိမ်နေရသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တရုတ်လုံခြုံရေးကုမ္ပဏီများ ထူထောင်ခွင့်ပြုရန် စစ်ကောင်စီက စီစဉ်ပေးနေပြီး ယင်းလုံခြုံရေးကုမ္ပဏီတွင် တရုတ် နှင့်မြန်မာ အစိုးရ-ပုဂ္ဂလိက ဖက်စပ် ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
