မင်းကင်း၊ သင်တောရွာအနီး အင်အား ၁၀၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ စစ်သားနှင့်ပျူစောထီးများ ကစဉ့်ကလျား ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲဖြစ် ပွား ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကာ ၁ ဦးအရှင်ဖမ်းမိကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၃ နာရီအချိန် မင်းကင်းမြို့နယ်၊ တောင်ဖြူရွာ၊ ပန်းဆက်ရွာနှင့် ကျောက်ခဲတက်ရွာတို့မှ အင်အား ၁၀၀ ပါ စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းက သင်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်တပ်က အထိနာသဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန် တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အင်အား ၁၀၀ ပါ စစ်တပ် စစ်ကြောင်းမှာ ပျက်စီးသွားပြီး စစ်သားနှင့်ပျူစောထီးများ ထွက်ပြေးသွားကြောင်း သိရှိရသည်။
“အင်အား ၁၀၀ ပါ စစ်ကြောင်းကို မနေ့ တစ်နေကုန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ ညနေပိုင်းမှာ စစ်ခွေးဘက်မှ အကျအဆုံးများလို့ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်တယ်။ စစ်ခွေးတွေကတော့ စစ်ကြောင်းပျက်ပြီး ထွက်ပြေးတယ်။ ခွေး အသေ လေးကောင်နဲ့ အရှင် တစ်ကောင် လက်နက်နဲ့ ဖမ်းမိထားပါတယ်” ဟု ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလေး ခရိုင် တပ်ရင်း ၁၀ ၊ ကလေးခရိုင် တပ်ရင်း ၁၃ ၊ ကလေးခရိုင် တပ်ရင်း ၁၄ ၊ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ – Mahauurar Dragon PDF ၊ မဟူရာ ကျားကျေးရွာ ပကဖ ၊ မင်းကင်း Local ယူနီယံတပ်ပေါင်းစု ၊ သင်တော Local PDF အဖွဲ့၊ CSRAF (LPDF)၊ MHR PDF ၊ သင်တော ပကဖ ၊ မင်းကင်း တပ်ရင်း ၁ ၊ စစ်ကိုင်း တပ်ရင်း ၃၊ ပင်နင်းလိုကယ် နှင့် အခြား ပူးပေါင်းမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


