ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ အထိနာသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကာ အထိနာသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြှောက်တပ်မှ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ စစ်ယာဉ်တန်းသည် ဇီးကုန်း သကြားစက် (ကစရ) သို့ ရောက်ရှိလာပြီး ထိုမှ တဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကွင်း ၉ အကြမ်းဖက် စစ်တပ် အထိုင်စခန်းသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ကန့်ဘလူမြို့နယ် ပေကြီးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးခန့်ကို ဖမ်းဆီးခံကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ပါဝင်ကြောင်း သိရှိရသည်။
ထိုသို့ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေကြီးရွာကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီးကြောင်း၊ ထို့နောက် အင်အား ၁၀၀ ခန့်သည် ငှက်ပျောတိုင်းရွာကို ဆက်လက်ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ငှက်ပျောတိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို ဒရုန်းဖြင့် အကြိမ် ၂၀ ခန့် လိုက်လံ ဗုံးသီး တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
နောက်ချန် အင်အားအဖြစ် ပေကြီးရွာတွင် ကျန်ရှိခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာနှင့် ထနောင်းသုံးပင်ရွာမှ ပြည်သူပိုင် ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်၍ ကွင်း ၉ စစ်စခန်း ၊ ယမနေ ပျူစောထီးရွာ နှင့် ဇီးကုန်း သကြားစက် (ကစရ) ရှိ ၎င်းတို့ တပ်စွဲထားသော နေရာများကို ပြန်လည် ယူဆောင်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပေကြီးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက အရပ်သားပြည်သူတွေကို ဖမ်းဆီးထားတုန်းပဲ မြေပြင်မှာလည်း စစ်ခွေး စစ်ကြောင်းက ရှိသေးတော့ ပြည်သူတွေ ထိခိုက်မှု အခြေအနေနဲ့ ကျေးရွာအတွင်း အခြေအနေတွေကို အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ၃၆၁ တပ်ရင်း မှ စစ်သားများနှင့် ဝါသဝ၏ ပျူစောထီးများ ပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ်များလည်း ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာ၊ ငှက်ပျောတိုင်းရွာနှင့် ငှက်ပျောတိုင်း လျှပ်စစ်မီးရုံးတို့၌ တပ်စွဲထားကြောင်း သိရသည်။
ဓာတ်ပုံ – ဇန်နဝါရီလ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းရှိ ဇီးကုန်း-မလည် လမ်းဆုံမှ ပြည်သူပိုင် နေအိမ် ၂၀ ခန့်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)
