Update News- မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်းများကို ဆက်ရှာရန် ခက်ခဲနေ၊ သတို့သားနှင့်သတို့သမီး ထိခိုက်မှု ရှိ၊ မရှိ မသိရသေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လက်ရှိအချိန် အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်းများကို ဆက်လက်ရှာရန် လေယာဉ်အန္တရာယ်ရှိနေ၍ အလုပ်မတွင်ကျယ်သေးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူ အမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။
“ဗုံးကျတာကတော့ ထမင်းချက်တဲ့နေရာမှာပဲ။ ပွဲချင်းပြီး နေရာတင်ဆုံးတာက အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး။ တခြားနေရာကတော့ ရှာနေတုန်းပဲ။ လေယာဉ်က ကြောက်နေရသေး။ သေဆုံးသူအရေအတွက်ကတော့ ၂၀ နားနီးမယ်ထင်တယ်။ မင်္ဂလာဆောင်ကလည်း စီစဉ်ထားတာကြာပါပြီ။ ရက်ရွေးပြီးတော့ လုပ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မင်္ဂလာ သတို့သားနဲ့ သတို့ သမီး လွတ်လားမလွတ်လားလည်း မသိရသေးဘူး။ အကုန်ရှုပ်နေတော့ ” ဟု မြိုင်ပကဖတာဝန်ရှိသူကရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက် တွန်းထားသည်။
