စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ညအချိန် အပူလှိုင်းရှာ FLIR ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်လာဟု Janes Defense အဖွဲ့က ပြော၊ ညအချိန် စစ်တပ် ၏ ဒရုန်းတိုက်ခိုက်မှုများရှိနေဟု တော်လှန်ရေးတပ် အတည်ပြု
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ညအချိန် အပူလှိုင်းရှာ FLIR (Forward-Looking Infrared )ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်လာကြောင်း Janes Defense အဖွဲ့က ပြောဆိုလိုက်သည်။
မြန်မာစစ်တပ်က ဒရုန်းတိုက်ခိုက်မှုများတွင် UAV ဆိုင်ရာ စွမ်းရည်များကို မြှင့်တင်အသုံးပြုလာပြီး အပူလှိုင်း (FLIR) စနစ်သုံး တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုလာကြောင်း၊ ယင်းကဲ့သို့ ဆန်းသစ်သော နည်းပညာများဖြင့် ညပိုင်းစစ်ဆင်ရေးများတွင်ပါ တိုးချဲ့အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ ညအချိန်တိုက်ပွဲများအတွင်း ဗန်းမော်ရှိ တော်လှန်ရေးတပ်များကို FLIR ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဒရုန်းများသည် ညအချိန် စစ်သားများ ပြေးလွှားပုံများ၊ အဆောက်အအဦးအတွင်း ဝင်ရောက်ပုံများကို မြင်တွေ့ရပြီး ဗုံးများ ကျဲချသည်ကို မြင်တွေ့ရကြောင်း ဖော်ပြထားသည်။
FLIR နည်းပညာကို ယခင်က တိုက်ခိုက်ရေး Mi-35 ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ်ပေါ်တွင်သာ အသုံးပြုခဲ့သော်လည်း ယခုအခါ ဒရုန်းများတွင်ပါ ပြောင်းလဲအသုံးချလာကြောင်း Janes Defense အဖွဲ့က သုံးသပ်ထားသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းတွင် ညအချိန် စစ်ကောင်စီက ဒရုန်းများဖြင့် ဗုံးကျဲမှုများရှိပြီး အဆိုပါ ဒရုန်းများမှာ ညမြင်ကွင်းများကို ကောင်းမွန်စွာ မြင်နိုင်သော ဒရုန်းများဖြစ်ကြောင်း အာရှလမ်းတွင် လုံခြုံရေး ယူထားသည့် တော်လှန်ရေးတပ်မှ တာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အရင် စစ်တပ်က ဒရုန်းတွေက နေ့လောက်ပဲ လာတာ။ အခုက ညလည်း လာပြီး ကျဲတယ်။ သူတို့ ဒရုန်းတွေက ညပိုင်း ကောင်း ကောင်းမြင်ရတဲ့ နည်းပညာမြင့် ဒရုန်းတွေကို သုံးလာတာ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးတပ်တစ်ခု၏ တာဝန်ခံက ရှင်းပြသည်။
ဓာတ်ပုံ- ယမန်နှစ် တရုတ်ခရီးစဉ်တွင် နည်းပညာမြင့် ဒရုန်းများကို လေ့လာနေသော အကြမ်းဖက် မင်းအောင်လှိုင်။
