36 C
Yangon

ရန်ကုန်၊ မကွေးနှင့်ပဲခူးတိုင်းမှ စစ်မှုထမ်းတပ်သားသစ်များ စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး သေဆုံးထိခိုက်သူများပြားနေ

Must read

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့်ပဲခူးတိုင်းတို့မှ စစ်မှုထမ်းတပ်သားသစ်တချို့ စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ ရှေ့တန်းသို့ ပို့ဆောင်ခံနေရကြောင်း ရှေ့တန်းပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားသစ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ မှ စစ်မှုထမ်းတပ်သားသစ်တချို့မှာ စစ်သင်တန်းတက်နေစဉ်အချိန်အတွင်း သင်တန်းပြီးဆုံးခြင်းမရှိဘဲ အရေးပေါ် အခြေအနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းတိုက်ပွဲသို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။

“စစ်မှုထမ်းအပတ်စဉ် ၈ မှာ ညီလေးတက်ရတာ။ တိုက်ကြီး အမှတ် ၁ တန်းမြင့်ကျောင်းမှာ တက်ရတာ။ ညီလေးနဲ့ စစ်မှုထမ်းတပ်သား ၅၀ လောက် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ ညောင်ကျိုးတိုက်ပွဲဆီကိုပို့ခံရတယ်။ မပို့ခင်မှာ အိမ်ကို ဆက်သွယ်သေးတယ်။ အခုတော့ အဆက်အသွယ်မရတော့ဘူး။ သေသလား ရှင်သလား မသိရသေးဘူး” ဟု ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မှ သင်တန်းဆင်းခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်ပင် အရေးပေါ် စစ်ဆင်ရေးဟုဆိုကာ စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ တောင်ငူ အမှတ် ၆ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ စစ်မှု ထမ်းအပတ်စဉ် ၈ တက်ရောက်နေသော စစ်မှုထမ်း သင်တန်းသားများမှာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကပစစက်ရုံများ၏ လုံခြုံရေးအတွက် စေလွှတ်ခံရမှုများရှိကြောင်း သိရှိရသည်။

“ညောင်ကျိုးနဲ့ ဥသျှစ်ပင်ဘက်မှာ ရောက်လာတဲ့ စစ်ကူတပ်တွေမှာ စစ်မှုထမ်းတပ်သားသစ် အများကြီးပါလာတယ်။ တော်တော်များများက သင်တန်းမဆင်းရဘဲ လက်နက်ငယ်ပစ်ခတ်မှု သင်တန်းတက်ပြီးတာနဲ့ တန်းခေါ်လာခံရတာလို့ သိရပါတယ်။ အခု အဲဒီ စစ်မှုထမ်းတပ်သားတွေကို အခု ထမင်းထုပ်တွေ ပြည်သူတွေကို အတင်းဆင့်ခေါ် ချက်ခိုင်းပြီး ပို့ခိုင်းတယ်။ ရိက္ခာပို့နေတဲ့ သူတွေဆီက ပြန်သိရတာက တပ်သားသစ်တွေက သူတို့ သင် တန်းမဆင်းရဘဲ ရှေ့တန်းကို တန်းပါလာလို့ အိမ်တွေကို ဖုန်းဆက်ပေးဖို့ အကူအညီတောင်းကြတာ” ဟု ဥသျှစ်ပင်မြို့မှ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရှိ အမှတ် ၇ စစ်အခြေခံလေ့ကျင်ရေးတပ်မှ စစ်မှုထမ်းသင်တန်းသားများမှာလည်း စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ အမ်း-ပဒါန်း လမ်းပိုင်း လုံခြုံရေးအတွက် စစ်ကူစစ်ကြောင်းများနှင့်အတူ လိုက်ပါရမှုများရှိနေကြောင်း ၊ စစ်မှုထမ်းတပ်သားသစ်များ သေဆုံးလျှင်သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရရှိလျှင်သော်လည်း သက်ဆိုင်ရာ မိဘဆွေမျိုးများထံသို့ အကြောင်းကြားခွင့် မရကြောင်း အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်မှုထမ်းသင်တန်းတက်ရောက် ပြီးစီးခဲ့သော တပ်သားသစ်တစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အပတ်စဉ် ၈ မှာ သင်တန်းမပြီးဘဲ အမ်း-ပဒါန်းလမ်းပိုင်းလုံခြုံရေးပါသွားတဲ့ သားသူငယ်ချင်းတွေ သေသူသေ၊ ဒဏ်ရာရသူရ နဲ့ သူတို့အိမ်တွေကလည်း ဆက်သွယ်မရတော့ဘူး။အန်တီသားကတော့ အပတ်စဉ် ၈ ကို ဖေဖော် ဝါရီလ ၂၈ ရက်နေ့က သင်တန်း ဆင်းပြီးတော့ တောင်တွင်းကြီး မြို့ပေါ်မှာပဲ လုံခြုံရေး ပြန်တာဝန်ကျတယ်။ ရှေ့တန်းမထွက်ရအောင် လိုက်တာ ငွေ ၁၀ သိန်းကျော်ကုန်တယ်” ဟု တောင်တွင်းကြီးမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းဆင်းခဲ့သော စစ်မှုထမ်းတပ်သား၏ မိခင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article