ရန်ကုန်၊ မတ် ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး မြန်မာစစ်သားများ သေဆုံးခြင်းနှင့် ထိုင်းဘက်သို့ ထွက်ပြေးလာမှုများရှိနေကြောင်း Maesot Media အပါအဝင် ထိုင်းသတင်းဌာနတချို့က သတင်းဖော်ပြသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၁ တပ်ရင်း၏ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် တောက်လျှောက် ခုခံခဲ့ရာမှ ယနေ့ မတ်လ ၁၄ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် စစ်ကောင်စီ၏ ပူလူတူစခန်းမှာ လုံး၀ ပျက်စီးသွားကာ KNLA ဦးဆောင်သော တပ်များ သိမ်းပိုက်ရရှိသွားကြောင်း၊ ပူလူတူစစ်တပ်စခန်းကို KNLA တပ်မဟာ ၇ က ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ပူလူတူစခန်းသိမ်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ အများအပြား သေဆုံးခဲ့ပြီး တချို့သော မြန်မာစစ်သားများမှာ ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း၊ ထိုင်းစစ်တပ်က ထွက်ပြေးလာသော မြန်မာစစ်သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီ၏ ပူလူတူစခန်းနှင့်နီးစပ်သော ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းကို ထိုင်းစစ်တပ်က လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက KNU ဘက်သို့ ဆက်သွယ်မေးမြန်းရာ လက်ရှိ အခြေအနေကို မသိရသေးကြောင်း၊ ယခင်ရက်ပိုင်းများအတွင်းကလည်း ပူလူတူစစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း၊ စစ်ရေးဆိုင်ရာ သတင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ KNU သတင်းနှင့်ပြန်ကြားရေး စာမျက်နှာများမှ ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဓာတ်ပုံ – မြန်မာဘက်အခြမ်း ပူလူတူစခန်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ဖြစ်ပွားနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


