မြိုင်မြို့နယ် ကျေးရွာ ၂ ခုကို စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနှင့် ဝယ်တောင်(တ)ရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် မြိုင်မြို့နယ်၊ ဆူးဝင်းရွာနှင့် ဝယ်တောင် (တ) ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကွေး လေတပ်နှင့် မီတ္ထိလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆူးဝင်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး ပေါ် ဗုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး မီးလောင် ပျက်စီးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံးကျရောက် ပေါက်ကွဲခဲ့ကာ ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင် ပြိုကျကြောင်း၊ သက်တော် ၃၀ ကျော်အရွယ် ကိုရင်ကြီး ၁ ပါးနှင့် အသက် ၂၀ ကျော် အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး သံဃာတော် ၁ ပါး၊ ကိုရင် ၃ ပါးနှင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ဝယ်တောင် (တ) ရွာ မြောက်ပိုင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျကာ ပြည်သူ ၇ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဂျက်ဖိုက်တာ ၃ စီးနဲ့ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ ဆူးဝင်းရွာက ပြည်သူပိုင် နေအိမ် ၁ လုံးပေါ် ဗုံးကျရောက် ပေါက်ကွဲပြီး နေအိမ် ၁ လုံး မီးလောင် ပျက်စီးတယ်။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံး ကျရောက် ပေါက်ကွဲတာ ဘုန်းကြီးကျောင်း ၁ လုံး မီးလောင်ပြိုကျပြီး ဘုန်းကြီး ၁ ပါး ၊ ကိုရင် ၃ ပါးနဲ့ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ အသက် ၃၀ ကျော်အရွယ် ကိုရင်ကြီး ၁ ပါးနဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသား ၂ ဦး သေဆုံးတယ်။ကျေးရွာ မြောက်ပိုင်းကိုလည်း ဗုံး ကျရောက် ပေါက်ကွဲပြီး ပြည်သူပိုင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးတယ်။ ပြည်သူ ၇ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။


