ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘန်ကာ အနီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဓိကပြောချင်တာတော့ ဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာ ကျနော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားနိုင်ရင် အောင်မြင်မှုဟာ တွက်ချက်ထားတာထက်ပိုရမှာဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်မကပိုပြီးတော့လုပ်ဆောင်သင့်ပါတယ်။ ရန်သူဟာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ အင်အားရောနည်းပညာအရပါ ဖြည့်တင်းစုဖွဲ့လာနေတာရှိပါတယ်။ ကျနော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရန်သူရဲ့ လက်ရှိအခြေနေကိုအကောင်းဆုံးနားလည်အောင်ကြိုးစားဆောင်ရွက်သင့်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ ၊ TPLFဒရုန်းတပ်ဖွဲ ၊ Sky Ghost(1)ဒရုန်းတပ်ဖွဲ ၊ နွေဦးပြောက်ကျားဒရုန်းတပ်ဖွဲ နှင့် ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
