37 C
Yangon

လောင်းလုံး၊ မလှိုင်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ နေအိမ်များနှင့် ကားများ ပျက်စီးဆုံးရှုံး

Must read

လောင်းလုံး၊ မလှိုင်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ နေအိမ်များနှင့် ကားများ ပျက်စီးဆုံးရှုံး

ရန်ကုန်၊ မတ် ၁၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးနှင့် ကား ၁ စီး ပျက်စီး ခဲ့ကြောင်း ဒေသသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ခတ်တောင် တာဝါတိုင်ကုန်း စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်နှင့် စစ်သင်္ဘောများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း လက်ခတ်တောင် ဘုန်းကြီးကျောင်းကိုလည်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့် ကား ၁ စီး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“တောင်ပေါ်မှာ လပြည့်‌နေ့ ပဌာန်းသိမ်းပွဲရှိလို့ အဲကိုလာတဲ့ လူနည်းနည်းရှိတယ်ပေါ့။ အဲအချိန်မှာ တိုက်ခိုက်ထဖြစ်တော့ သူတို့ အကုန်လုံး ပိတ်မိကုန်တာပေါ့။ စစ်ခွေးတွေ ဘုန်ကြီးကျောင်းကို လေယာဉ်နဲ့ကော စစ်သင်္ဘောနဲ့ကော ပစ်တာ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောက်အဦးတွေနဲ့ ကား ၁ စီး ပျက်စီးမှုရှိတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ မရှိဘူးလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ပြောဆိုသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ရှိ သန်းကုန်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article