ဖြူး-အုတ်ဖြတ် လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရေဦးတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ် လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ အာဠာဝကစစ်ကြောင်းက ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ် လမ်းပိုင်းရှိ တာကျိုး လမ်းဆုံတွင် အာဠာဝက စစ်ကြောင်းနှင့်အကြမ်းဖက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးမှာလည်း သေဆုံးနိုင်ချေ များပြားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှလည်း လက်နက်ကြီးများ၊ ဒရုန်း ပစ်ကူများပေးခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်း သိမ်းပိုက်ရေးတွင်လည်း အာဠာ၀ကစစ်ကြောင်းမှလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဖြူး-အုတ်ဖြတ် လမ်းပိုင်းကိုလည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၂ ရက်တာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင်လည်း ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါသည့် ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်ကလည်း ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက် အတွင်း လှည့်ကင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါသည့် ကား ၃ စီးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ကား ၂ စီး ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိင်ခဲ့ကြောင်း သိရှိရသည်။
