အကြမ်းဖက်မှုကို လောင်စာဖြည့်ပေးနေသည့် Airbus ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် တောင်းဆိုသော လက်မှတ်ကမ်ပိန်းတွင် ပြည်သူများ ပါ၀င်ပေးပါရန် တောင်းဆို
မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား လောင်စာဖြည့်ပေးနေသည့် Airbus ကုမ္ပဏီကြီး၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် တောင်းဆိုသော လက်မှတ်ကမ်ပိန်းတွင် ပြည်သူများ လက်မှတ်ထိုး ပါဝင်ပေးကြပါရန် အဆိုပါကမ်ပိန်းကို ဦးဆောင်သူများက တောင်းဆိုထားကြသည်။
ပြင်သစ် လေကြောင်းကုမ္ပဏီကြီး Airbus သည် ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများမှတဆင့် မြန်မာစစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇ၀တ်မှုများကို ပံ့ပိုးကူညီနေကြောင်း ၄င်းတို့ကဆိုသည်။
အထူးသဖြင့် လေကြောင်းကုမ္ပဏီကြီး Airbus နှင့် စီးပွါးဖက်အဖြစ် အနီးကပ်ဆက်ဆံနေသော တရုတ်ကော်ပိုရေးရှင်း AVIC သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသော Y-12 အပါအဝင် တိုက်ခိုက်ရေးလေယာဉ်များကို ထောက်ပံ့ပေးနေကြောင်း မြန်မာ့လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar (JFM) ကထုတ်ပြန်ထားသည်။
Airbus ကရင်းနှီးမြှပ်နှံထားသော အဆိုပါ တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီသည် စစ်အုပ်စုကို လေယာဉ်နှင့် လေယာဉ်တပ် လက်နက်များ၊ နည်းပညာများ ပံ့ပိုးရောင်းချပေးနေသလို၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးနေကြောင်း ပြည်တွင်းပြည်ပ သတင်းများတွင် ဖော်ပြခဲ့ကြသည်။
အကယ်၍ Airbus အနေနှင့် ထိုသို့သော အကြမ်းဖက်အားပေးလုပ်ငန်းများကို နောက်ဆုတ်ရပ်တန့်လိုက်ရုံဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကဲ့သို့သော အကြမ်းဖက်လုပ်ရပ် အမြောက်အများကို ဖြတ်တောက်နိုင်မှာဖြစ်ကြောင်းလည်း JFM ကဆိုသည်။
ယခုလိုအချိန်တွင် Airbus ကုမ္ပဏီ၏ ရာဇဝတ်မှုများနှင့် ပတ်သက်နေမှုအပေါ် ပြည်သူလူထုထံမှ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချသံများ လိုအပ်နေခြင်းကြောင့် အားလုံးစုရုန်းပြီး တညီတညွတ်တည်း ပါဝင်တောင်းဆိုပေးရန်အတွက်လည်း ၄င်းတို့က ဆက်လက်တောင်းဆိုသည်။
ပါဝင်ရန် လင့် – https://action.eko.org/…/airbus-stop-abetting-myanmar-s…
လက်မှတ်များ လိုနေသေးသည့်အတွက် အချိန် (၁) မိနစ်ခန့်ပေးပြီး လက်မှတ်ရေးထိုးပါဝင်ပေးကြပါရန် အဆိုပါကမ်ပိန်းကို ဦးဆောင်သူများကနှိုးဆော်ထားသည်။


