ရန်ကုန်၊ မတ် ၂၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကုန်းမရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ရာ နေအိမ် နှင့် စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ လှည်းကုန်းမရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ပြည်သူ့နေအိမ် ၄ လုံး ၊ စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး နွား ၂ ကောင်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး။ စာသင်ကျောင်းနဲ့ နေအိမ်တွေတော့ ပျက်စီးသွားတယ်။ လက်ရှိမှာ စစ်ကောင်စီက ဝေဟင် စစ်ဆင်ရေးလို့ ပြောရမှာပေါ့။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာပေါ့ တော်လှန်ရေးကို လူထုစိတ်ဓာတ်ခြောက်ခြားသွားအောင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်လို့ပဲပြောချင်တယ်။ ပြည်သူလူထုပေါ်မှာ ယုတ်မာရိုင်းစိုင်းမှုကို ကမ်းကုန်အောင်ကျူးလွန်နေတာပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှု မြန်မာနိုင်ငံမှာ အမြင့်ဆုံး အခြေအနေရောက်နေတယ်လို့ပဲပြောချင်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar










