ရန်ကုန်၊ ဇွန် ၄
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျောင်းဖွင့်ပွဲ ပြုလုပ်နေသည့် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၂ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျောင်းဖွင့်ပွဲ ပြုလုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို တစ်ဇောက်ကန်း ဘဂျမ်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ပြည်သူ့အား ကစားကွင်းအနီးတွင် မိုင်းရှင်းနေသည့် စစ်သား ၄ ဦးအဖွဲ့ကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (CHUPDF) က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း CHUPDF က သတင်းထုတ်ပြန်သည်။
ထို့ပြင် ယမန်နေ့တွင်ပင် မုံရွာမှ မန္တလေး ဘက်သို့ ထွက်ခွာလာသော စစ်ယာဉ်တန်းကို ငါးယှန်နှင့်နတ်ရေကန် အကြားတွင်လည်းကောင်း၊ နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင်လည်းကောင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း CHUPDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- ဇွန်လ ၂ ရက်နေ့ထုတ် စစ်တပ်၏ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် အကြမ်းဖက်စစ်ဗိုလ်တစ်ဦး တိုက်ပွဲတွင် သေဆုံးမှုကို ဝမ်းနည်းကြောင်း ကြေညာထားသည့် ကြော်ငြာတစ်ခု။