27 C
Yangon

စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ

Must read

စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ကော့ကရိတ်၊ဧပြီ ၈

အကြမ်းဖက် စစ်ကောင်စီတပ်က ရက် ၂၀ ကြာ အပစ်ရပ်ထားမည်ဟု ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း KNLA နှင့် PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီ ၂ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ အပစ်အခတ် ရပ်စဲသည်ဟု အကြမ်းဖက်စစ်ကောင်စီတပ်က ကြေညာထားသော်လည်း လက်တွေ့ စစ်မြေပြင်တွင်မူ စစ်ရေးအခြေ အနေ ရပ်တန့် ထား ခြင်း မျိုး မရှိဘဲ ကော့ကရိတ် တောင်ပိုင်း၊မြောက်ပိုင်းနှင့် မွန် ကျေးရွာများသို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” သူတို့စစ်တပ်က အပစ်ရပ်တယ်ဆိုပြီး ကြေညာတယ်၊ တကယ်စစ် မြေပြင်ဖြစ်တဲ့ ကောကရိတ် မှာ မြောက်ပိုင်း၊တောင်ပိုင်း ရွာ တွေ ကို စစ်တပ်က အမြှောက်တင်ကား နဲ့ ပစ်တယ်၊ နောက်ပြီး ကင်းထောက်လေယာဉ်တွေပျံတယ်၊ပြီးရင် ဒရုန်း နဲ့ ဗုံးလာကျဲ ချ တယ်၊ ဒါက ကရင် ရွာ တွေ ဘက်နဲ့ အာရှလမ်းဘက်ဘက်ကို ပေါ့၊ နောက် ဂျိုင်းမြစ်၊ဟောင်သရောမြစ်ဘက်က မွန်ရွာ တွေ ရှိတဲ့ ကော့ဘိန်း၊ကော့ပေါက်၊သရဏာရွာ တို့ ဓမ္မသရွာ တို့ဘက်ကို့ ဂျိုင်းမြစ်ထဲ က စစ်င်္ဘောကနေ အမြောက်နဲ့ ပစ်တယ်၊ အဲဒီတော့ ပြောမယ် ဆိုရင် ကြည်း၊ ရေ ၊လေ အဖွဲ့စုံ အပစ်မရပ်ဘဲ ဆက်လက်ပစ်ခတ်တိုက်ခိုက် နေတာ” ဟု ကော့ကရိတ်မြို့အခြေစိုက် KNLA မဟာမိတ် ပူးပေါင်းစစ်ကြာင်းတာဝန်ရှိသူက ရှင်းပြသည်။

ကော့ကရိတ် မြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၅၄၅၊ ခမရ ၅၄၆တပ် ၊ စကခ၁၂( စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၁၂ )၊ လှိုင်ဝအမြောက်ကုန်း၊ ခလရ ၉၇ တပ်၊ နေပူခံ အမြောက်ကုန်း၊တတန်ကူး ကျေးရွာ၊ ရွှေကြက်မင်းစခန်း၊ အောင်ဇေယျ စစ်ဆင်ရေးနောက်တန်းစခန်းတို့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် ဂျိုင်းမြစ်၊ ဟောင်သရာမြစ်အတွင်းရှိ တိုက်ရေယာဉ်စစ်သင်္ဘော ၂စီး တို့ကလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။

ဧပြီလ ၆ ရက်နေ့နှင့် ဧပြီ ၇ ရက်နေ့တိုတွင်လည်း ကော့ကရိတ်မြို့နယ်၊ တံတားကျိုးနေရာမှ အမြှောက်တင်ကားဖြင့် ကော့ကရိတ်၊ အာရှလမ်းကပ်လျက်ရှိသောကော့နွဲ့၊ တတန်ကူး၊ ရွာသစ်ကုန်း၊ မိချောင်းအင်း၊ လှိုင်စိမ်း၊ ပျားပင်၊ ဆင်ကုန်း ရွာများဘက်များသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒီရက်ထဲ မှ စစ်တပ်က အမြှောက်တင်ကား နဲ့ လိုက်ပစ်တာ မျိုးလုပ်တယ်၊ ဧပြီလ ၅ရက်နေ့က ဆိုရင် တောင်ကြာအင်းဘက်ကို လက်နက်ကြီး ၅လုံးလောက်ပစ်ထည့်တယ်၊ ဧပြီလ ၆ရက်မှာက ရေပူကြီးရွာဘက်ပစ်တာ။ နောက်ပြီး ကိုးတိုင်၊လှိုင်ကွယ် ဘုရားကုန်းဘက်ကိုလည်း ပစ်တယ်၊ ရာဘာခြံ ၊ဒူရင်း၊ကြက်မောက်ခြံတွေထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်၊ အဲဒီဘက်မှာPDF တို့ KNU တို့ကပ်လာမှာ စခတွေက ကြောက်ပြီး နေ့တိုင်းပစ်ထုတ် နေတာ မျိုး လုပ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ စစ်တပ်အနေဖြင့် အပစ်ရပ်ထားသော်လည်း ကတိုင်တိစစ်တပ်စခန်းကို KNLA က လာရောက်ပစ်ခတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက သတင်းထုတ်ပြန် ပြောဆိုထားသည်။

ဓာတ်ပုံ- ဂျိုင်းမြစ်အတွင်း သွားလာနေသော စစ်သင်္ဘောတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article