မန္တလေး-မုံရွာ လမ်းပိုင်းရှိ အလ္လကပ္ပကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့၊ သံဃာတော် ၁၅ ပါး နှင့် ပြည်သူ ၂၅ ဦးကိုလည်း ဖမ်းဆီးထား
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာ လမ်းပိုင်းရှိ အလ္လကပ္ပကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း People’s Knight Defence Force – Myinmu (PKDF-MMU) မှ တာဝန်ရှိသူ ရဲဘော်အေးချမ်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ် မန္တလေး-မုံရွာ လမ်းပိုင်းရှိ အလ္လကပ္ပ ကျေးရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အလ္လကပ္ပကျေးရွာအနောက်ဘက် မြောင်လမ်းခွဲ တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ပူးပေါင်း၍ အလ္လကပ္ပကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်ကလည်း မြင်းမူမြို့ အထက ၁ တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်စီးကား ၂ စီးဖြင့် ထွက်လာ၍ အလ္လကပ္ပကျေးရွာ တောင်ဘက်တွင် ခရီးတစ်ထောက် နားနေသော PDF တပ်ဖွဲ့များကို ဝင်ရောက် ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်း ထိတွေ့ တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ AK-47 သေနတ် ၁ လက် ၊ ရဲဘော်များ ကိုင်ဆောင်သည့် ဖုန်း ၄ လုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သာများသည် အနီးအနားရှိ ဘုန်းကြီးကျောင်းကို ဝင်ရောက် စီးနင်းပြီး ဘုန်းကြီး ၁၅ ပါး ၊ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင် ဆိုင်ကယ် ၁၆ စီးခန့်ကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်းနေ့ နံနက် ၂ နာရီခန့်ကလည်း ဒို့မြန်မာကျော်ဆီဆိုင်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် မြောင်လမ်းခွဲမှ စစ်ကောင်စီ တပ်သားများက အလ္လကပ္ပကျေးရွာထဲကို ဝင်ရောက် စီးနင်းပြီး လက်နက်ငယ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပြည်သူပိုင် နေအိမ် ၁ လုံးကို အကြောင်း မဲ့မီးရှို့ ဖျက်ဆီးသွားပြီး ပြည်သူ ၁၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
“စစ်ကောင်စီက အပစ်ခတ် ရပ်စဲတယ်လို့သာ ပြောဆိုနေတာပါ။ မြင်းမူမြို့နယ် အတွင်းမှာ ပြည်သူများကို ဖမ်းဆီးတာ ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့နေတာတွေ ဆက်လက် ကျူးလွန်နေပါတယ်။ တစ်နေ့ထပ်တစ်နေ့ သူတို့ လုပ်ဆောင်တာတွေက ပိုမို ဆိုးရွားလာပါတယ်” ဟု People’s Knight Defence Force – Myinmu (PKDF-MMU) မှ တာဝန်ရှိသူ ရဲဘော်အေးချမ်း က ပြောဆိုသည်။

