စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်ဖြစ်ကြောင်း ယမန်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း အစည်းအဝေးတွင် ဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများ အနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရုံးအဆောက်အအုံများ ပြန်လည် တည်ဆောက်ရာတွင် မြေစမ်းသပ်မှုများ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တွက်ချက်၍ ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက် အအုံများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
နေပြည်တော်ဝန်ထမ်းအိမ်ရာများကိုလည်း ပြန်လည် တည်ဆောက်ရာတွင် ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ ခံနိုင်သည့်အဆောက်အအုံများ ဖြစ်အောင် ဆောင်ရွက်သွားရမည်ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုထား သည်။
လတ်တလော ၆ လအတွင်း ပြန်လည် တည်ဆောက်မည့် ဝန်ကြီးဌာနရုံးတချို့ကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့နေပြီး ပြောင်းရွှေသည့် ရုံးများတွင် နိုင်ငံ ခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေး အပါအဝင် ရုံးတချို့ ပါဝင်ကြောင်း Non-CMD ဝန်ထမ်းများထံမှ သိရှိရသည်။
အာဏာရှင်ဟောင်း သန်းရွှေက နေပြည်တော်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၆ ခုနှစ် မတ် လ ၂၇ ရက်နေ့တွင် နေပြည်တော် ဆိုသောအမည်ဖြင့် တရားဝင် မြို့ တော် အသစ်အဖြစ် ကြေညာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။



