30 C
Yangon

ချောက်မြို့တွင် သင်္ကြန်ကာလအတွင်း လူငယ် ၅၀ ကျော် ပေါ်တာဆွဲခံရပြီး ခလရ ၁၃ တပ်ရင်းတွင် ဖမ်းဆီးထား၊ တောင်တွင်းကြီးနှင့် သာယာဝတီ တို့တွင်လည်း လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရ

Must read

ချောက်မြို့တွင် သင်္ကြန်ကာလအတွင်း လူငယ် ၅၀ ကျော် ပေါ်တာဆွဲခံရပြီး ခလရ ၁၃ တပ်ရင်းတွင် ဖမ်းဆီးထား၊ တောင်တွင်းကြီးနှင့် သာယာဝတီ တို့တွင်လည်း လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရ

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း လူငယ် ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ခလရ ၁၃ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ ချောက်မြို့ အဝင် မွန်ကြီး စားသောက်ဆိုင် အနီးတွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်ဖြင့် သင်္ကြန် လည်ပတ်ပြီး ပြန်လာသည့် လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခလရ ၁၃ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း၊ ထို့ပြင် မိသားစုဝင်များနှင့်လည်း လက်ရှိချိန်ထိ အဆက်အသွယ် လုပ်ခွင့် မပေးသေးကြောင်း သိရှိရသည်။

“ချောက်မြို့မှာ သင်္ကြန်ကာလ အတွင်း လူငယ် ၅၀ ကျော် ပေါ်တာအဆွဲခံရတယ်။ ချောက်မြို့ကို ဝင်တဲ့ မွန်ကြီး စားသောက်ဆိုင်နားမှာ အကုန်ဖမ်းဆီးခံရတာ လမ်းကို ဆိုင်ကယ်တွေနဲ့ အကုန်ပိတ်လိုက်ပြီးကို ဖမ်းတာ သူတို့ ဖမ်းပြီးတော့ ခလရ ၁၃ တပ်ရင်းထဲကို အကုန်လုံးခေါ်သွားတယ်လို့ သိရတယ်။ အခုထိလည်း မိသားစုတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၄ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရက်ကွက်တွင် ရဲ ၆ ဦးက အသက် ၂၂ နှစ်အရွယ် မောင်ဇင်ကို၊ အသက် ၂၅ နှစ်အရွယ် မောင်ကိုဖုန်း (ခေါ်) မောင်ဌေးလှိုင် အပါအဝင် လူငယ် ၄ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

“ရဲ‌ ၆ ဦးက ညအချိန် လာဖမ်းတာ ရက်ကွက်ထဲက လူငယ် ၄ ဦး နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ ရပ်ကွက် ဥက္ကဋ္ဌ စံငြိမ်းက လူလည်း မပေး ငွေလည်း မပေးလို့ဆိုပြီး ရဲခွေးတွေက ဝင်ဆွဲတာလို့ သိရတယ်။ ဆွဲခံရတဲ့ လူငယ် ၄ ဦး ထဲမှာ ၁ ဦးက မိန်းမ ကိုယ်ဝန်ဆောင်ထားရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ ရွာကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ငြိမ်းလွင် ၊ ရာအိမ်မှူး အငယ်လေး (ခ) သန်းကျော်လင်း နှင့် ပျူစောထီး လင်းလင်းမောင်တို့ ဦးဆောင်၍ ကိုအောင်ခိုင်ဖြိုးကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် သာယာဝတီမြို့နယ်၊ ဗေဒင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး တင်မောင်သန်း ဦးဆောင်၍ ကံသာယာလမ်းတွင်နေထိုင်သော မိခင်ဖြစ်သူနှင့် ၈တန်း တက်နေသည့် ညီမဖြစ်သူတို့ကို လုပ်ကိုင်ကျွေးမွေးနေသည့် ကိုရန်ရှင်းကျော်ကို နေအိမ်ပေါ်ထိ အတင်းအကြပ် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article