By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစ် မတ်လတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က SU-30SME လေယာဉ်များကို စစ်မြေပြင်တွင် အသုံးပြုခြင်းမရှိသေးဘဲ လေယာဉ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရေးနှင့် စက်ပြင်ဆင်ရေးအတွက် သင်တန်းပေးနေခြင်း၊ ရုရှားလေယာဉ်မှူးများနှင့်အတူး ပူးတွဲလေ့ကျင့်ခြင်းများကိုသာ လုပ်ဆောင်နေသည်ဟု သိရှိရသည်။
“တိုက်လေယာဉ် YAK 130 တွေကတော့ တံတားဦးနဲ့ မှော်ဘီရှိတယ်။ SU 30 လေယာဉ်တွေအားလုံးက နေပြည် တော်မှာ။ SU 30 ကို လေတပ်အရာရှိတိုင်း မောင်းခွင့်မပေးဘူး။ SU 30 တွေက စစ်မြေပြင်ကို မပျံသေးဘူး။ ရုရှား တိုက် လေယာဉ်အတွက် လူရွေးခေါ်တာ တံတားဦးက ဗိုလ်မှူး ခင်ဇော် တစ် ယောက်တည်းပဲ နေပြည်တော်မှာ SU 30 မောင်းဖို့ အရွေးချယ်ခံရတယ်။ အခြားအရွေးချယ်ခံရသူတွေကတော့ ဘယ်စခန်းကလဲ မသိရသေးဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော လေတပ်အတွင်းတွင် စစ်တပ်က ရဟတ်ယာဉ်နှင့် တိုက်လေ ယာဉ် များ မောင်းနှင်သည့်အရာရှိများကို အဖွဲ့ပြန်လည် ဖွဲ့စည်း ရွေးချယ်ခဲ့ပြီး ယုံကြည်စိတ်ချရသူ အရာရှိများကို ရွေးချယ် မောင်းနှင်ခိုင်းတော့ကြောင်း၊ ယခင်ကဲ့သို့ လေတပ်အတွင်းမှ ကြုံရာလူ တာဝန်ပေးပြီး မောင်းနှင်ခိုင်းမှုမျိုးမရှိတော့ဟု လေတပ်အတွင်းမှ သိရှိရသည်။
“စစ်ဆင်ရေးရှိလို့ လေယာဥ်တက်ရမယ်ဆိုရင် အုပ်မှူး (ဒုတိယဗိုလ်မှူးကြီး )အဆင့် နဲ့ သူတို့ရွေးချယ်ထားပြီးစိတ်ချရတဲ့ လေသူရယ် တချို့ရယ်ပဲ လေယာဥ်တွေ ရဟတ်ယာဉ်တွေ မောင်းခွင့်ပေးတယ်။ အဓိကပြောချင်တာ လေတပ်ထဲ တပ်ပျက်နေတာပဲ။ အရင်ကတော့ တံတားဦးမှာ စက်လက်တွေ ရဟတ်ယာဥ်တွေ မထားဘူး။ အခု လေတပ်စခန်း ပြောင်းပြီးမှ စက်လက်တွေ ရဟတ်ယာဥ်တွေရောက်မယ်။ အခု စစ်မြေပြင်တွေမှာ ရဟတ်ယာဥ်တွေနဲ့ပစ်နေတဲ့အဖွဲ့ကို စက်လက်အဖွဲ့လို့ခေါ်တယ်။ အဲဒါက နေပြည်တော်မှာ သပ်သပ်ဖွဲ့ထားတယ်။ တံတားဦးလေတပ်မှာတော့ အုပ်မှူး ၂ယောက်ရှိတဲ့ အထဲမှာမှ ၆၂ တိုက်ခိုက်ရေးအုပ်က အုပ်မှူး တစ်ယောက်ကိုပဲ စစ်တပ်ခေါင်းဆောင်ပိုင်းက စိတ်ချတယ်။ ၆၂ အုပ်မှူး အမည် ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်း” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းသို့ တံတားဦးလေတပ်မှ အရာရှိတချို့ ၃ လတစ်ကြိမ် တစ်ဖွဲ့စီ သွားရောက်၍ တပ်ချိန်း ပေးနေရကြောင်း၊ မှော်ဘီလေတပ်စခန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ချိန် လေယာဉ်ဆီခိုးရောင်းချခြင်းအပါအဝင် အဖွဲ့လိုက် သိန်း ရာချီ ဝင်ငွေရရှိကြောင်း သိရှိရသည်။
“တံတားဦးက ပိုင်းလော့တွေရယ် လေယာဥ်ပြင်တာနဲ့ ပတ်သက်တဲ့ တချို့ အဖွဲ့တွေက စစ်ဆင်ရေးအနေနဲ့ မှော်ဘီလေတပ်စခန်းကို ၃လ တစ်ဖွဲ့ သွားရတယ်။ ၃ လကို တစ်ခါချိန်းရတယ်။ အဲဒီ အဖွဲ့မှာမှ ယာယီအုပ်မှုး တာဝန်ယူရတဲ့ သူက (ဗမ အဆင့်)။ မှော်ဘီ ကိုသွားရင် ၃လအတွင်း သိန်း၅၀၀ ဝန်းကျင်လောက်ရတယ်။ အခုမှော်ဘီကို သွားတဲ့သူတွေထဲမှာ ဗိုလ်မှူး ရဲဇော်နိုင် (ယာယီအုပ်မှူး )၊ ဗိုလ်မှူး နေဝင်းကျော် ၊ ဗိုလ်မှူး သက်လင်းမောင်တို့ပါတယ်။ အဓိက စစ်ဆင် ရေးတွေဆို သူတို့က လေယာဥ်မောင်းကြရတယ်။ ဗိုလ်မှူး နေဝင်းကျော် ဆိုတာ DSA အပတ်စဥ် ၄၇ က။ သူ့အမျိုးသမီးက သော်တာထွန်းက ငွေရလွန်းတော့ သူ့အထက်လူကြီးကို ပိုက်ဆံပြန်ချေးနိုင်တယ်။ အခုအမှုဖြစ်နေကြတယ်။ ခိုးရတဲ့ငွေကို ရာထူးကြီးတဲ့သူက ပြန်ချေးယူရင်း အမှုဖြစ်ကြတာမျိုးတွေပါ ဖြစ်နေတာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ရုရှားလုပ် SU 30 အမျိုးအစား တိုက်လေယာဉ်တစ်စီး။