ဝက်လက်မြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းများဖြင့် တပြိုင်နက်တည်း ဗုံးကျဲ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ကင်း စခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းဖြင့် တပြိုင်နက်တည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း People’s Servant Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ရဲစခန်း ၊ ထွေ/အုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တပြိုင်နက်တည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ထွေ/အုပ်ဝန်ထမ်းများ ထိခိုက်မှုရှိပြီး သေဆုံးသူတချို့ရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို လုပ်ဆောင်ပြီးနောက် တော်လှန် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“နံနက် ၁၀ နာရီလောက်မှာ ခလရ ၄၂ ၊ စခတ ၈ ၊ ရဲ နဲ့ ပျူစောထီး အင်အား ၁၀၀ လောက် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်တည်း ဒရုန်းနဲ့ ဗုံးကျဲတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်။ သေဆုံး စာရင်းတော့ အတည် မပြုနိုင်သေးဘူး။ ထွေအုပ်မှာ ဘယ်သူတွေ ဒဏ်ရာရလည်းဆိုတော့ ထပ်မံ စုံစမ်းဆဲပါ။ ပေါင်း ၅ ဦးလောက် ထိတယ်လို့ ကနဦး သိရပါတယ်။ စစ်ခွေးတွေ ဘက်ကတော့ စက်ကလေး၊ လက်နက်ငယ်တွေကတော့ အဆက် မပြတ် ပြန်ပစ်တယ်။ ဒရုန်းနဲ့ ကျနော်တို့ ဗုံးကျဲတာမှာ ဘဏ်ဝန်ထမ်း လုံခြုံရေး ၁ ယောက်ထိတယ်။ ထွေ/အုပ် ရုံးဘက်ချတဲ့ အသီးတွေကတော့ ထွေ/အုပ် ဝန်ထမ်းနဲ့ အဲဒီမှာ လုံခြုံရေး ထိတယ်လို့ ကြားတယ်။ ထွေအုပ်ရုံးမှာတော့ ဗိုလ်မှူးသိန်းဝင်းက ထိုင်ထားတာ ဆိုတော့ အဲဒီမှာလည်း တပ်ရော ရဲရော လုံခြုံရေး ပျူစောထီးတွေရော ရောထိုင်ထားတာတော့ရှိတယ်။ အဆောက်အဦးအထိအခိုက်ကတော့ တအားကြီး အပျက်အစီးမရှိဘူး” ဟု People’s Servant Revolution – Wetlet မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ၊ လှတော တိုက်နယ် ပကဖ၊ N Sai Naw Drone တပ်ဖွဲ့၊ Phoenix Winds Drone တပ်ဖွဲ့၊ Sn-Warazein ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် R Gyi Drone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


