36 C
Yangon

ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ်

Must read

ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ်

🟥 အုတ်ဖိုတွင် မျောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး တစ်အိမ်ထောင်လျှင် ကျပ် ၃ သိန်းတောင်း

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းငလျင်ဒဏ်သင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းတပ်သားအဖြစ် ပေးရန် ဆင့်ခေါ်လာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လာမည့် မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ် ကွက်များတွင် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦးနှုန်း ပေးရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ခံထားရ၍ ယခုလာမည့် စစ်မှုထမ်းအပတ်စဉ်အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦးနှုန်းဖြင့် အနည်းဆုံးအရေအတွက်သာ တောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“မဟာအောင်မြေမြို့နယ်၊ ၈ ရပ်ကွက်မှာ ဒီလာမယ့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်ကို လူငယ် ၂ ဦးနှုန်းပေးရမယ်။ မနေ့ကစပြီး ခေါ်နေပြီ။ စစ်မှုထမ်းပြန်ခေါ်တာက ရပ်ကွက်တိုင်းပါပဲ။ ၈ရပ်ကွက်၊ စိန်းပန်းရှေ့ရပ်၊ ၄၁ ၈၂၊ ၃၉ ၈၂၊ ၈၁ ၈၂ ကြားထဲက ဝက်စု တို့ နဝရတ်စုတို့ ကြက်စုတို့မှာ အကုန်ခေါ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မဟာအောင်မြေမြို့နယ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ငလျင်ဒဏ်ကြောင့် အားလုံး ဒုက္ခ ရောက်နေရချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့အနေဖြင့်လည်း စစ်မှုထမ်းခေါ်ယူရသည့် အလုပ်ကို မလုပ်ချင်ကြကြောင်း၊ သို့ရာတွင် စစ်တပ်နှင့်ရဲများက ၎င်းတို့ကိုယ်တိုင် ရပ်ကွက်ထဲကွင်းဆင်း၍ ဖမ်းဆီးမှုများရှိနေကြောင်း ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လွှဇင်အုပ်စု မျောက်ချောကုန်းရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်သူ သန်းလွင်က စစ်မှုထမ်းကြေးဟုဆိုကာ ယခုလာမည့် မေလအတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သိန်းပေးရန် တောင်းခံလာကြောင်း၊ တစ်အိမ်ထောင်လျှင်ငွေကျပ် ၃ သိန်းကောက်ခံခြင်းမှာ အလွန်များပြားသော ပမာဏဖြစ်ပြီး ပြည်သူအများစုမပေးနိုင်ကြသဖြင့် ဒုက္ခရောက်နေကြ ကြောင်း သိရှိရသည်။

“အရင်လတွေတုန်းက သောင်းဂဏန်းကနေ လာမယ့် မေလမှာ စစ်မှုထမ်းကြေးကို တစ်အိမ်ထောင် ၃ သိန်းပေးဆိုပြီး လုပ်နေတယ်။ မပေးရင် စစ်တပ်ခေါ်မယ်၊ ဖမ်းမယ် ဆီးမယ်တွေလည်း ခြိမ်းခြောက်နေတယ်။ တစ်အိမ် ထောင် ၃ သိန်းဆိုတာ ဘယ်လိုလုပ်ပေးနိုင်မလဲ။ ပြည်သူတွေ အတော်ဒုက္ခရောက်နေပါတယ်” ဟု မျောက်ချောကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လစဉ် စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလမှ ယခု ၂၀၂၅ ခုနှစ် ဧပြီလအထိ စစ်မှုထမ်းအပတ်စဉ် ၁၂ ခုအထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- ငလျင်ဒဏ်ခံထားရသည့် မန္တလေးမြို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article