ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် အရာ ခံဗိုလ်ရဲဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်၊ လှည်းကူးမြို့၊ ဖောင်ကြီးကျေးရွာအုပ်စုတွင်ရှိသည့် မိုင်တဲတာဝါတိုင်ကို စောင့်ကြပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ဇွန်လ ၇ ရက်နေ့ သန်း ခေါင်ယံ ည ၁၂ နာရီဝန်းကျင်အချိန်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် အရာခံဗိုလ်ရဲဝင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ပစ်ခတ်ခံရသော ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှည်ကူးမြို့နယ်၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၊ ဘုရားကုန်းရပ်ကွက်၊ ကြီးလေးကြီးလမ်းဘေးတွင်ရှိသော မိုင်တဲတာဝါတိုင်ကို လုံခြုံရေးယူစောင့်ကြပ်နေသည့် စစ်သားများဖြစ် ကြောင်း သိရှိရသည်။
“ဆုံးသွားတဲ့ အရာခံဗိုလ်ရဲဝင်း နာရေးက ဇွန်လ ၁၀ ရက်နေ့လုပ်မယ်။ အရာခံဗိုလ်ရဲဝင်းက ပင်စင်ယူခါနီးနေပြီ။ သူ့သားက DSA ကျောင်းဆင်း ထူးချွန် အရာရှိပါ။ အခုက ဘာမှ တန်ဖိုးမရှိတာတွေ သွား စောင့်ခိုင်းပြီး အပစ်ခံရပြီးတော့လည်း သေနေရတယ်။ တပ်ထဲမှာလည်း အတော်ကို မအလကို စိတ်နာနေကြပြီ။ ရှေ့တန်းထွက်ခိုင်းရင်လည်း အသက်ခန္ဓာမြဲပြီး ပြန်လာဖို့က မသေချာဘူး။ ပြီးတော့ အရေးမပါတဲ့ တာဝါတိုင်တွေ စောင့်ခိုင်း၊ ဟိုလူကြီးအိမ်ဒီလူကြီးအိမ်စောင့်ခိုင်းနဲ့ တိုင်းပြည်အတွက် ကာကွယ်နေတာမဟုတ်တော့ဘူး။ မအလနဲ့ ခေါင်းဆောင်ပိုင်းကို အသက်ပေး ကာကွယ်နေရတာဖြစ်နေပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
သေဆုံးသူ အရာခံဗိုလ် ရဲဝင်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ Mytel ရုံးချုပ်။ (ပုံအဟောင်းဖြစ်သည်)
Photo- အီးပီအေ။