27 C
Yangon

ပဲခူးရိုးမအတွင်း တက်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး စစ်သားအလောင်းများကို PDF တပ်ဖွဲ့များက သဂြိုလ်ပေးနေရ

Must read

ပဲခူးရိုးမအတွင်း တက်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး စစ်သားအလောင်းများကို PDF တပ်ဖွဲ့များက သဂြိုလ်ပေးနေရ

ရန်ကုန်၊ ဧပြီ ၃၀

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အတွင်း အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်သားအလောင်းများကို PDF တပ်ဖွဲ့များက သဂြိုလ်ပေးနေရကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းမှ ထွက်ခွာလာသော အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ငမိုးရိပ်ရွာ အတွင်းသို့ ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ ၃ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၅ ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၆ AyeYarNyiNaung ရဲဘော်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပိတ်ဆို့ တိုက်ခိုက်မှု အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပြီး တိုက်ပွဲကြာချိန် ၂ နာရီနီးပါးခန့်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တော်လှန်ရေး ပူးပေါင်း ရဲဘော်များ ရှိရာ အနီးကို Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ကာ ဂျက်ဖိုက်တာ ၂ စီး ပျံဝဲလာနေစဥ် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက အလောင်း ၁၀ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားမသာ အလောင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်ရှိချိန်ထိ လာရောက် ကောက်ယူခြင်းမရှိသေးသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်း သဂြိုလ်ပေးနေရကြောင်း၊ တိုက်ပွဲအတွင်း သေနတ် ၁၁ လက် ၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး အလောင်းတွေက အနံ့အသတ်တွေ ထွက်လာလို့ ကျနော်တို့ ရဲဘော်တွေ လက်ရှိမှာ ရှင်းလင်းရေးတွေ လုပ်ပေးနေရတာပေါ့။ စစ်တပ်က အလောင်း လာကောက်တာတော့ မရှိဘူး။ ကျနော်တို့ ရှင်းလင်းရေး လုပ်နေတုန်းမှာ စစ်ခွေးတွေ ခိုးယူလာတာ ထဘီတွေက အစ သိမ်းဆည်းရရှိထားပါတယ်။ အခု စစ်ခွေးတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာပဲလုပ်နေတယ်။ နောက်ဆုံးသိရတဲ့ တပ်တွင်း သတင်းအရဆိုရင် တိုက်ပွဲအတွင်းမှာ စစ်ခွေး ၃၀ ဦးထက်မနည်း သေဆုံးတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆုတ်ခွာ ထွက်ပြေးပြီးနောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၁ Dragon Brothers (GBK-PDF)၊ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ၅၊ တပ်ခွဲ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ၅ တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article