စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights တောင်းဆို
ရန်ကုန်၊ မေ ၂
အကြမ်းဖက် စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights က တောင်းဆို လိုက်ကြောင်း သိရသည်။
ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ယာယီ အပစ်ခတ် ရပ်စဲရေးကို အကြမ်းဖက် စစ်ကောင်စီက ကြေညာခဲ့ပြီး ထိုကာလ အတွင်းတွင် ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ ခိုလှုံနေသည့် ဘာသာရေး အဆောက်အအုံများ အပါအဝင် ပြည်သူများနှင့် ပြည်သူပိုင် နေအိမ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ထပ်မဖြစ်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနှင့် လက်နက်များ တင်ပို့မှုများ ပိတ်ဆို့အရေးယူရန် ချက်ချင်းချမှတ်သင့်ကာ အကူအညီ လိုသူများဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ပင်တားဆီးမှုမရှိဘဲ ဆက်လက်ရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Fortify Rights အနေဖြင့် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအပြီး အသက်ရှင်ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေ့ရသူများအပါအဝင် ပြည်သူ ၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၉ ဦးကို ဆက်သွယ်၍ ပြောဆိုစုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများကို ဗုံးကျဲ တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်သည် ငလျင်ဒဏ်ခံ စစ်ကိုင်းတိုင်းတွင် ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်များကို ဗုံးကျဲ တိုက်ခိုက်မှုများစွာ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးကြောင်း ကြေညာပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီလ ၂၃ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်လှုပ်ကျေးရွာမှ ဒေသခံတစ်ဦးက လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်အတွက် အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရမှုကို Fortify Rights ကို အတည်ပြုပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်း အတွင်း ဧပြီလ ၈ ရက်မှ ၁၉ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် အများဆုံး စံချိန်တင်ခဲ့ကြောင်း ၊ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့တွင်မူ စုစုပေါင်း ၂၄ ကြိမ်ခန့် ဂျက်ဖိုက်တာ၊ Mi 35 ၊ Y 12 ၊ Yellow Cat UAV ဒရုန်း၊ လေထီးနှင့် ဗုံးချခြင်းများ မျိုးစုံသုံး၍ လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ဗုံးမိုးရွာသကဲ့သို့ ဖြစ်ပြီး မည်သည့်နေရာကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟူ၍ အတည်တကျမထားဘဲ မိုးရွာသကဲသို့ ကျဲချခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးတပ်သားကို မေးမြန်း၍ ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း ငလျင်ကြောင့် နေအိမ်များ ပျက်စီးပြီးနောက် အရပ်သားပြည်သူများ ခိုလှုံနေကြသည့် ဘုန်းကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း အိုင်တိုင်ကျေးရွာတွင် ငလျင်ဒဏ်သင့်သူများကို ကုသပေးနေသည့် ရွေ့လျားဆေးကုသရေးအဖွဲ့ စခန်းချကုသမှုပေးနေသည့် အင်းတိုင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ဒေသခံများ အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ခုထက်မနည်းကိုလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုက်ဆောင်ခဲ့ပြီး မင်းတပ်မြို့ရှိ မြို့မ နှစ်ခြင်းဘုရားကျောင်းနှင့် ဖလမ်းမြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ်ဘုရားရှိခိုးကျောင်း၊ မင်းတပ်မြို့ရှိ Assembly of God ဘုရားကျောင်းတို့သည်လည်း ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ခံခဲ့ရကြောင်း မျက်မြင်သေသေများကို ကိုးကား၍ Fortify Rights က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးထားသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၅၁ ခုထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်းထုတ်ပြန်ထားသည်။
