26 C
Yangon

ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး၊ ကော့သောင်းတွင်လည်း စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်

Must read

ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး၊ ကော့သောင်းတွင်လည်း စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်

ရန်ကုန်၊ မေ ၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ သို့ လာသော စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ – Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့ ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့ လာသော စစ်ကား ၂ စီးကို သပြေပင်ကျေးရွာ အနီး အရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ကြို၍ ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၁ စီးမှာ လမ်းဘေးသို့ ထိုးရပ်သွားပြီးကားပေါ်ပါ စစ် သား ၁၁ ဦးသေ ဆုံး ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရန်သူ့ဘက်မှာ ထိတာရော သေတာရောမြင်နေရတယ် တယောက်ပဲကျန်တော့တာ ၊ အဲဒီကား ကို အနီးကပ်ဝင်လုံးတဲ့အချိန်မှာ ရဲဘော်တယောက်ကျည်ထိမှန်ခဲ့တာပါ၊ ဒဏ်ရာကတော့ မစိုးရိမ်ရပါ ဘူး။ ခဏကြာတော့ စစ်ကူရောက်လာတဲ့အတွက် ကျန်တဲ့ရဲဘော်တစ်ယောက် ထပ်ထိတယ်။ အဲဒီ ဒဏ်ရာရ ရဲဘော်တွေကို ကာပစ်ကူပေးရင် ဆွဲထုတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ကျနော်တို့ အနေနဲ့က ကျည်အင်အားရော လက်နက် ချို့ယွင်းချက်တွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါ တယ်။” ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ – Caf-Spupdf မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ် ရာရရှိခဲ့ ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စက်လှေ ၄ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပျံလွှားတပ်ဖွဲ့မှ ရဲဘော် ဖီးလ်နစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ကော့သောင်းမြို့နယ်၊ မလိ၀မ်းကျေးရွာအုပ်စု နံပါတ် ၁ ချောင်း အတိုင်း စက်လှေငယ် ၄ စီးဖြင့် ရေဆန်တက်လာသော အင်အား ၅၀ ပါ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော စက်လှေငယ် ၄ စီးသည် နံပါတ် ၁ ချောင်း ကျောက်ပုံဆိပ် အနီးရောက်လာစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး အသေစာရင်းကိုတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့လည်း ဆက်လက် စုံစမ်းနေပါတယ်။ ထိခိုက်မှုတော့ များနိုင်တယ်။ လက်ရှိချိန်ထိ စစ်ရေးက နှစ်ဖက် တင်းမာနေတုန်းပဲ” ဟု ပျံလွှားတပ်ဖွဲ့မှ ရဲဘော် ဖီးလ်နစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် (LOCAL) တပ်ဖွဲ့ ၊ PDF (ပျံလွှားတပ်ဖွဲ့) နှင့် မြို့ပြပြောက်ကျား ဗိုလ်သမန်းကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ရေးလေ့ကျင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article