မြိုင်မြို့နယ်၊ ကန်နီရွာအနီးရှိ PDF ဂိတ်ကို လာရောက် တိုက်ခိုက်သည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာအနီးရှိ PDF ဂိတ်ကို လာရောက် တိုက်ခိုက်သည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၀ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီရွာအနီးရှိ PDF တပ်ဖွဲ့၏ လမ်းဆုံဂိတ်ကို လာရောက် တိုက်ခိုက်သော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀ ခန့်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား အားလုံး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပျူစောထီး၊ စစ်ခွေးနဲ့ ရဲခွေး ၄၀ လောက် ထွက်လာပြီးတော့ သူတို့နဲ့ မြောက်ဘက် ၃ မိုင်လောက်က လမ်းဆုံဂိတ်ကို ဝင်စီးတာ PDF ဂိတ်ကို ဝင်စီးတာပေါ့။ လမ်းဆုံကို ဝင်ဆီးတာ ကားလမ်းကို ဝင်စီးတာ ဒီကလေးတွေနဲ့ ထိတွေပြီး ပြန်ဆုတ်သွားတယ်။ အဲဒီနားကို သူတို့က ည ၁၀ နာရီ ၁၁ နာရီလောက် ထဲက ကင်ပုန်းယူတယ်လို့ထင်တာပဲ ကျနော်တို့ ကင်းပုန်းနဲ့ ထိတွေ့မှုအရင်ဖြစ်တာ ကျနော်တို့ နှစ်ဖက် ပိတ်ပြီး တိုက်တာဆိုတော့ သူတို့ဝိုင်းခံရမှာ ကြောက်လို့ နောက်ဆုတ်ပြေးတာပေါ့” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပကဖ တပ်ရင်းနှင့် ဗစ်တာပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၇ ရက်နေ့ကလည်း ကန်နီပျူစောထီးရွာမှ ပျူစောထီး ခေါင်းဆောင်များ အနိုင်ကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကြောင့် ထွက်ပြေးလာသည့် ပျူစောထီးအဖွဲ့ဝင် မင်းမင်းထိုက် (ခ) ဘိုကြီး ၊ ချစ်ကို (ခ) ဖိုးလုံး ၊ နှင့် အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၁ နှစ် ၊ ၈ နှစ်နှင့် ၄ နှစ် အရွယ် ကလေးငယ် ၃ ဦးသည် ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ လျှက်စီးပျောက်ကျားတပ်ဖွဲ့နှင့် အညာမြေပျောက်ကျားတပ်ဖွဲ့(ပကဖ) မြိုင် ထံ လာရောက် ခိုလှုံခဲ့ပြီး လက်ရှိချိန်တွင် ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
