26.9 C
Yangon

ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သားတချို့ကို AA က ဖမ်းဆီးပြီးနောက် စစ်သား ၆၀ ခန့်ဝင်လာကာ အခြေ အနေ တင်းမာ

Must read

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် နယ်မြေကျူးကျော်ပြီး ဒေသခံပြည်သူ များကို စစ်ဆေးမှုများ လုပ်လာသည့် စစ်ကောင်စီတပ်သားတချို့ကို AA က ဖမ်းဆီးပြီးနောက် စစ်သား ၆၀ ခန့်ဝင်လာကာ အခြေအနေ တင်းမာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျောက်တော်မြို့အတွင်းသို့ စကခ ၉ စစ်ကောင်စီတပ်သားများ ၆၀ ဝန်းကျင်ခန့်က မြို့အတွင်း သွားလာနေသူများ၏ ဖုန်းများကို စစ်ဆေးခြင်း၊ သွားလာသူများကို ရပ်တန့်စေခြင်းများပြုလုပ်နေ၍ အခြေအနေတင်းမာနေသည်ဟု မြို့ခံများက ပြောသည်။

စကခ ၉ စစ်ကောင်စီတပ်သားများသည် ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းများတွင် စစ်ကားနှစ်စီးနှင့် လက်နက်အပြည့်အစုံဖြင့် မြို့ထဲဝင်ရောက်လာပြီး သွားလာနေသည့် မြို့ခံများအား ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများက Western News ကို ပြောသည်။

“စစ်ကောင်စီတပ်သားတစ်ယောက် ပျောက်ဆုံးနေတာလား။ ဖမ်းဆီးခံရတာလားဆိုတာတော့ အတိအကျမသိဘူး။ အဲ့ဒါနဲ့ ပတ်သက်လို့ မနက်က စကခ ၉ က စစ်ကား နှစ်စီးနဲ့ လက်နက်အပြည့်အစုံနဲ့ မြို့ထဲဝင်လာတယ်။ မြို့ထဲမှာ စစ်ဆေးမှုတွေလုပ်တယ်။ နေ့လယ်ပိုင်းတစ်ခေါက်လာတယ်။ လမ်းမှာသွားလာနေတဲ့သူတွေကို ဖမ်းဆီးပြီး ဖုန်းတွေ စစ်တာတွေ လုပ်နေတယ်”ဟုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများက လက်နက်အပြည့်အစုံနှင့် မြို့အတွင်းသို့ ဝင်ရောက်လာမှုကြောင့် ပုံမှန်ဖွင့်နေသည့် ကျောက်တော်မြို့မစျေးကြီးကိုလည်း နေ့လည် ၁၁ နာရီကျော်ကတည်းက စျေးဆိုင်များအားလုံးကို ပိတ်လိုက်ကြသည်။

မြို့ပေါ်လမ်းမထက်များတွင်လည်း လူသွားလူလာ မရှိသလောက်နည်းပါးသွားကြောင်း အမည်မဖော်လိုသည့်နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

“ဖမ်းဆီးတာတော့ မကြားရသေးဘူး။ ဒါပေမယ့် ဒီညနေပိုင်းကတော့ စိုးရိမ်ရတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိဘူး။ တမြို့လုံးလည်း တိတ်ဆိတ်နေတယ်။ မြန်မာစစ်သားတွေက တစ်မြို့လုံးမှာ လုံခြုံရေးတွေချထားတာတွေ့တယ်”ဟုပြောသည်။

ကျောက်တော်မြို့အတွင်းက ရှမ်းရွာ၊ သာသနာ့ဗိမာန်၊ ပြည်တော်သာ မြို့အဝင်လမ်း တစ်လျှောက် စသည့်နေရာများတွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်သားတချို့။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article