ရန်ကုန်၊ မေ ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က တခွန်တိုင်ရွာ ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့မှ စတင်၍ ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းကုန်း စစ်တပ် အထိုင်စခန်းသို့ ရောက်လာနောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းရှိ တခွန်တိုင်ရွာ ၊ ညောင်ရင်းကုန်းရွာ၊ သစ်ချိုပင်ရွာ ၊ ချောင်ဆုံရွာ ၊ ညောင်ကန်ရွာ နှင့် ကြောင်ပန်းကန်ရွာ တို့ကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထပ်မံ စစ်ကြောင်းထိုးနေ၍ ထောင်နှင့် ချီသော ပြည်သူများ ဆက်လက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
မေလ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် လေ့ကျင့်ရေးတပ်မှ အင်အား ၆၀ ကျော်ပါ စစ်ကြောင်း ထပ်မံထွက်လာသောပြီး ကြောင်ပန်းကန်ရွာ၊ ညောင်ကန်ရွာနှင့် ချောင်ဆုံရွာတို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းသည် ရွှေဘို အရှေ့တောင်ခြမ်းရှိ ရွာများကို ဆက်လက် ဝင်ရောက် စီးနင်းနေပြီး တခွန်တိုင်ရွာမှ အမျိုးသား ၃ ဦးကိုလည်း ဖမ်းထားကာ ကျေးရွာဘုန်းကြီကျောင်း အတွင်း စစ်ဘေးရှောင်နေသည့် ပြည်သူများကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် တခွန်တိုင်ကျေးရွာ၊ ညောင်ရင်းကုန်းရွာ၊ သစ်ချိုပင်ရွာ၊ ချောင်ဆုံရွာ ၊ ညောင်ကန်ရွာ ၊ ကြောင်ပန်းကန်ရွာ နှင့်အနီးအနား ကျေးရွာများမှ ထောင်နှင့် ချီသော စစ်ဘေးရှောင် ပြည်သူများသည် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
