ဒီကနေ့ မေ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက လူမှုဖူလုံရေးအကျိုးခံစားတဲ့ အာမခံအလုပ်သမားတွေရဲ့ အမည်၊ နေရပ်လိပ်စာ ကို Google Mapping နဲ့ အတိအကျရေးဆွဲမှတ်တမ်းတင်ထားဖို့ ညွှန်ကြားချက်တစ်ရပ်ကို တစ်နိုင်ငံလုံးက လူမှုဖူလုံရေးရုံးတွေကို ညွှန်ကြားထားတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတချို့က ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေအတွင်း ဘတ်ဂျက်ငွေနည်းပါးနေတယ်လို့ဆိုပြီး အကျဉ်းသား တွေကို အစား အသောက်ခွဲတမ်းလျှော့ချပြီး ထမင်းနဲ့ ပဲဟင်းအရည်ကြည်သာ ကျွေးတော့တဲ့အတွက် အကျဉ်းသားတွေမှာ အာဟာရချို့တဲ့မှုတွေ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ စစ်ကောင်စီရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက စတင် တိုက်ခိုက် နေတာကြောင့် ပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
