နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက်ပိုင်း အင်အား ၃ ဒသမ ၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ Non-CDM ဝန်ထမ်းများနှင့် ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း ဒေသပြည်သူများနှင့် ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယနေ့ နံနက် ၁၀ နာရီ ၂၆ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့၏ အနောက်ဘက် ၁၉ မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားပြီး ငလျင်မှာ သိသိသာသာ လှုပ်ခတ်သော ကြောင့် ပြည်သူများ လမ်းပေါ် ပြေးထွက်ရခြင်းနှင့် အစိုးရဝန်ကြီးဌာန ယာယီရုံးတချို့တွင် ဝန်ထမ်းများ အပြင်သို့ ပြေးထွက်ရမှု တချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ငလျင်လှုပ်တာက တော်တော်လေး သိသာတော့ အကုန်အပြင်ပြေးထွက်ရတာပဲ။ လှုပ်တဲ့အချိန်လည်း နည်းနည်းလေးကြာတယ်လို့ ခံစားရတယ်။ သိသိသာသာကို လှုပ်သွားတာ” ဟု နေပြည်တော်တပ်ကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်းများစွာ လှုပ်ခတ်လျက်ရှိရာ ယနေ့နံနက်ပိုင်း လှုပ်ခတ်သော ငလျင်အပါအဝင် နောက်ဆက်တွဲ ငလျင်စုစုပေါင်း ၁၇၇ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ယခုအချိန်အထိ ပြိုကျပျက်စီးနေသော ဝန်ထမ်းအိမ်ရာတချို့။
