24.6 C
Yangon

ပြည်သူကို စစ်မက်ပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကိုကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီက အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

Must read

ရန်ကုန်၊ မေ ၂၄

ပြည်သူကို စစ်မက်ပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကို ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီက အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတိုက် တွန်းလိုက်သည်။

မေလ ၂၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား အကာအကွယ် ပေးရေး နှင့် ပတ်သက်သည့် တံခါးဖွင့်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက် မြန်မာပြည်သူများကို စစ်မက်ပြုနေပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်၊ ကုလသမဂ္ဂ လုံခြုံ ရေး ကောင်စီအနေဖြင် မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉/ ၂၀၂၂ ဖြင့် ပြင်းထန်စွာ ရှုတ်ချထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ ရက်စက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် အရပ်သားပြည်သူများအား အကာ အကွယ် ပေးရန် ပိုမို ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ရှိရန် လိုအပ်ကြောင်း သံ အမတ်​ကြီးက တိုက်တွန်းသည်။

မိမိတို့အနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ တောင်းဆိုမှုကို ထပ်လောင်းအတည်ပြု လိုကြောင်း၊ အရပ် သားပြည်သူများအပေါ် စစ်မက်ပြုသူများအား တာဝန်ခံစေရမည်ဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်း ဆောင်များအနေဖြင့် ကင်းလွတ်ခွင့် မရှိသင့်တော့ကြောင်း၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးက ပြတ် သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းပြောဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ချက်ချင်းရပ်တန့်စေရန် တောင်းဆိုရမည်ဖြစ်ကြောင်း၊ ထို့အတူ လိုအပ်နေသူများထံ လူသားချင်း စာနာထောက်ထားမှုအကူအညီများ မလွဲမသွေ အတားအဆီးမရှိ ရောက်ရှိရေးကိုလည်း တောင်းဆိုရမည်ဖြစ်ကြောင်း၊ စစ်အုပ်စုအား လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ သို့မဟုတ် တရားဝင်မှု ပံ့ပိုးပေးနေခြင်းသည် အပြစ်မဲ့သူများ ကို သတ်ဖြတ်ရန် အားပေးစေသည် ဖြစ်ခြင်း ကြောင့် ထိုသို့ ထောက်ပံ့မှုများပေးအပ်လျက်ရှိသော မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သူကို မဆို ယင်းထောက်ပံ့မှုများအား ရပ်တန့်ရန် တောင်းဆိုရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တင်ပြဆွေးနွေးသည်။

မြန်မာနိုင်ငံပြဿနာအား အလုံးစုံ ဖြေရှင်းနိုင်ရန်အတွက် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ပြဿနာ၏ ဇတ်မြစ် သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် မတရား အာဏာ သိမ်းမှု ချုပ်ငြိမ်းရေးတို့ ဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သားများအနေဖြင့် လွန်စွာဆိုးရွားသော ဒုက္ခဆင်းရဲများကို ရင်ဆိုင်ဖြတ်ကျော်နေရသည့်တိုင် မျှော်လင့်ချက်အား အရှုံးမပေးဘဲ ကြံ့ကြံ့ခံလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ရရှိနိုင်ရန်အတွက် မိမိတို့၏ မျှော်မှန်းချက် က ခိုင်မာပါကြောင်း၊ မိမိတို့ ရွေးချယ်ထားသည့် အနာဂတ်၊ မြန်မာပြည်သူများ၏ အခွင့်အရေး များနှင့် လုံခြုံရေးကို ကာကွယ်ပေးမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထိုက်ထိုက်တန်တန် ရရှိရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆက်လက်တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား အမေ့လျော့ခံ အကျပ်အတည်းတစ်ခု မဖြစ်စေရေး လုပ်ဆောင်ပေးရန် လေးလေးနက်နက် တောင်းဆိုပါကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်မှု အား ချုပ်ငြိမ်းစေရန်၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စည်းလုံးညီညွတ်၍ ခိုင်မာစွာ ဖြင့် အခုပင် အရေးယူဆောင် ရွက်ရန် မေတ္တာရပ်ခံပါကြောင်း မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်မည့် အခြေအနေ နှင့် အညီ ထိရောက်စွာ အရေးယူ လုပ်ဆောင်ရန် သံအမတ်ကြီးက တင်ပြတိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article