ရန်ကုန်၊ ဇွန် ၁၂
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်း ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ရှိန်းမကားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များအကြား စတင်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော်အချိန်တွင် တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် စစ်သုံး ရဟတ်ယာဉ် ၁ စီးဖြင့် လာ ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” စခတွေ ဒီနေ့ ညနေ ၆ နာရီ လောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့ တိုက်နေပါတယ်။ အခုဆို တိုက်ပွဲပြင်းထန်နေပါတယ်။ ရွာကိုဝိုင်းပြီး အပေါ်ကနေပစ်နေတာပါ။ လှတောရွာဘက်မှာလည်း စစ်ကားတွေနဲ့ အင်အားတိုးလာနေပါတယ်။ ရှိန်းမကားရွာအရှေ့ဘက်မှာဖြစ်တာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမှာ စစ်တပ်က တော်တော် အထိနာနေတယ်။ စစ်ကူတွေပါ ထပ်ခေါ်နေတာ တွေ့ရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ရှိန်းမကားရွာတွင် တပ်စွဲထားသည်မှာ ၂ လ ကျော်ခန့်ရှိပြီဖြစ်ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း မကြာခဏ လာရောက် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက်ရှိ ဘေးမဲ့တော အနီး သဲကုန်းတွင်ရှိသော တဲများကို ရှိန်းမကားစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် (၁၀) နာရီခန့်တွင် မီးရှို့နေသဖြင့် PDF ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ပေါင်းစုများက သတင်းထုတ်ပြန်သည်။
ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် PDF ပူးပေါင်း အဖွဲ့ ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တရစပ် လာရောက် ပစ်ခတ်သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် မသိရသေးကြောင်း သိရှိရသည်။
ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်တိုက်ခိုက်ခဲ့သော PDF မဟာမိတ်အဖွဲ့များတွင် တောကြီးမြွေပွေး၊ လျှပ်စီးပျောက်ကျား-ဝက်လက်၊GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King နှင့် LDF များပါဝင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်သည်)