30.6 C
Yangon

ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ ကုန်စုံဆိုင်ကို စစ်သား ၄ ဦးက သေနတ်ထောက်၍ သိန်း ၈၀ ကျော်ကို ဓားပြ တိုက်သွားပြီး တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဟု စစ်ကောင်စီက သတင်းအမှားလွှင့်နေ

Must read

🟥ရမည်းသင်းမြို့နယ်တွင် စစ်တပ်က PDF ဆန့်ကျင်ရေး ဝါဒဖြန့်စာများကို ပြည်သူများက ဖြန့်ဝေသည့်ပုံစံဖြင့် လိမ်လည် ဝါဒဖြန့်နေ

ရန်ကုန်၊ မေ ၂၆

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ ကုန်စုံဆိုင်ကို စစ်သား ၄ ဦးက သေနတ်ထောက်၍ သိန်း ၈၀ ကျော်ကို ဓားပြ တိုက်သွားပြီး တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်သယောင် စစ်ကောင်စီက သတင်းအမှားလွှင့်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ ည ၁၂ နာရီကျော် ဝန်းကျင် အချိန် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာရှိ ကိုမျိုးသူအောင်နှင့် မလှလှစန်းတို့၏ ကုန်စုံဆိုင်ကို စစ်သား ၄ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း၊ ဓားပြတိုက်ချိန်တွင် ဆိုင်ရှင် ကိုမျိုးသူအောင် မရှိဘဲ မလှလှစန်းသာရှိနေကြောင်း၊ စစ်ကောင်စီယူနီဖောင်းဝတ် လူ ၄ ဦးက မလှလှစန်းကို သေနတ်ထောက်ကာ တာဝန်အရ စစ်ဆေးစရာရှိသည်ဟု ပြောဆို၍ ဆိုင်ရှိ တစ်နေ့တာ ရောင်းရငွေ၊ ဖုန်းငွေဖြည့်ကတ်၊ မလှလှစန်း၏ ကမ္ဘောဇဘဏ်အကောင့်အတွင်းမှ ငွေများ အားလုံးကို ချက်ချင်းလွှဲပြောင်းခိုင်းခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အမှုဖြစ်တဲ့အချိန် ဆိုင်မှာမရှိတဲ့ ဆိုင်ပိုင်ရှင် မျိုးသူအောင်က ရမည်းသင်းမြို့ စစ်ကောင်စီလက်အောက်ခံအကောင်ကြီးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကားတွေ ဝယ်ရောင်းလုပ်နေတဲ့ စစ်တပ်ကပ်ဖား ယပ်ဖား ပွဲစားဆိုတော့ သတင်းပေးတိုင်ကြားတာ မရှိဘူး။ ဒီလုယက်တာကို ရမည်းသင်းမြို့နယ် စစ်တပ်လက်အောက်ခံတာဝန်ရှိသူတွေက PDF တွေ လုပ်တယ်လို့ သတင်းထုတ်ကြေညာခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓားပြတိုက်မှုဖြစ်ပွားသည့်နေ့မှ စ၍ လက်ရှိအချိန်အထိ အကြမ်းဖက်စစ်တပ်က ရမည်းသင်းမြို့ အဝင်အထွက်နေရာများတွင် တင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် စစ်တပ်က ရမည်းသင်းမြို့နယ်တွင် ပြည်သူများက PDF များကို ဆန့်ကျင်နေသည်ဆိုသော ဝါဒဖြန့် စာများကို စစ်တပ်၊ ပျူစောထီးနှင့် ပြည်သူ့စစ်များက ဖြန့်ဝေလျက်ရှိကြောင်း မြို့မှ ပြည်သူများက ပြောဆိုသည်။

စစ်တပ်က ဖြန့်ဝေနေသည့် ဝါဒဖြန့်စာများတွင် PDF များက ပြည်သူကို အနိုင်ကျင့် သတ်ဖြတ် ဓားပြတိုက်သည်ဆိုသော မဟုတ်မမှန် လုပ်ကြံရေးသားထားသော လက်ကမ်းစာရွက်များကို လမ်းဆုံလမ်းခွများနှင့် မြို့ပေါ်တွင် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ကမ်းစာမှာတော့ ပြည်သူတွေက လက်မခံဘူးဆိုပြီး စစ်တပ်က ရေးထားတာ။ ဖြန့်တာက ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေက ဖြန့်တာ။ သူတို့ဟာသူတို့ စာရွက်တွေ ထုတ်၊ ရေးပြီး ပြည်သူက လက်မခံဘူးဆိုတဲ့ပုံစံမျိုး လုပ်နေတာ။ ပြည်သူကတော့ စစ်တပ်ဆိုရင် အတော်ရွံ့နေပြီ။ ရမည်းသင်းမြို့ပေါ်မှာ လူငယ်တွေလည်း မရှိကြတော့ဘူး။ အကုန်လုံး စစ်မှုထမ်း ပေါ်တာဆွဲခံရမှာစိုးလို့ ပြေးသူက ပြေးတယ်။ နိုင်ငံခြားထွက်သူက ထွက်ပဲ။ လူငယ်တွေ ရှိကို မရှိတော့တာ” ဟု ရမည်းသင်းမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ရမည်းသင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများ ထုတ်လုပ် ဖြန့်ဝေနေသော ဝါဒဖြန့် လက်ကမ်းစာများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရမည်းသင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများ ထုတ်လုပ် ဖြန့်ဝေနေသော ဝါဒဖြန့် လက်ကမ်းစာများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article