31 C
Yangon

မန္တလေး စျေးချိုအနီးရှိ အင်းဝဘဏ်လုံခြုံရေး ဂိတ်စောင့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၆

မန္တလေးမြို့၊ စျေးချိုနာရီစင်အနီးရှိ အင်းဝဘဏ်တွင် ဂိတ်စောင့်နေသော စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန် စျေးချိုနာရီစင် ၈၄ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အင်းဝဘဏ်တွင် လုံခြုံရေးဂိတ်စောင့်နေသော အကြမ်းဖက် စစ်သားများအ ချင်းချင်း စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်မှု အတွင်း သေနတ်သံ ၇ ချက် ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး လမ်းများ ပိတ်ဆို့၍ နာရေးကားများဖြင့် စစ်သားတချို့ကို လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်အုပ်စု အချင်းချင်း သေနတ်နဲ့ပစ်တာ ပထမ ၄ ချက်နဲ့ ဒုတိယအကြိမ် ၃ ချက် သေနတ်သံ ၇ ချက်လောက် ပစ်တယ်။ စစ်သား ၁ ဦးသေဆုံးသွားလို့ နာရေးကားနဲ့ လာတင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဈေးချို အနီးအနားရှိ စျေးသည်တချို့သည် ဆိုင်များပိတ်ကာ စျေးသည်များနှင့် စျေးဝယ်များလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မန္တလေးမြို့ နေရာအနှံ့တွင် စစ်သား ၊ ရဲ ၊ ပျူစောထီးနှင့် အပြာရောင် ယူနီဖောင်းဝတ်ထားသော ရပ်ရွာ လုံခြုံရေးအဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်နှင့် စည်ပင်တွေ သောင်းကျန်းနေပြီး လမ်းပေါ် ဂိတ်ဖွင့် ငွေညှစ်ခြင်း၊ လက်နက်ပြ မိုက်ကြေးခွဲခြင်း၊ လောင်းကစားနှင့် မူးယစ်ဆေး အရောင်းအဝယ် လုပ်ငန်းများကို ဆက်ကြေးကောက်ခြင်း ၊ ထောင်ထွက်များကို ခိုးဆိုးလုယက်မှု ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မန္တလေးရှိ စစ်တပ်လက်အောက်ခံ မြ၀တီဘဏ်ကို လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးရှိ စစ်တပ်လက်အောက်ခံ မြ၀တီဘဏ်ကို လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article