မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နဘူးကျင်းရွာနှင့် ထောက်ရှာကျင်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၁၁ မိနစ်ခန့်မှ စတင်၍ မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီးများက တောင်သာမြို့နယ်အတွင်းရှိ နဘူးကျင်းရွာနှင့် ထောက်ရှာကျင်းရွာ အနီးတစ်ဝိုက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာအနီးရှိ တောထဲကို ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“နံနက်အစောပိုင်း ၅ နာရီ ၁၁ မိနစ်ကနေစပြီး ကျဲချတာ အားလုံးပေါင်း ဗုံးသီး ၁၁ လုံးကျဲချတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများသည် မလှိုင်မြို့နယ်ဘက်ခြမ်းကို ပျံသန်းသွားကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးအတွက် နေအိမ်များ၌ ဗုံးခိုကျင်းများ စနစ်တကျတူးဖော်ထားရန်နှင့် လေကြောင်းအန္တရာယ် ကြိုတင်ရရှိသည့်အခါ သတိပြု နေထိုင်ကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက အသိပေးနှိုးဆော်ထားသည်။
