ရန်ကုန်၊ ဇွန် ၆
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ နှင့် ပျူစောထီးရွာများကို ရိက္ခာလာပို့သည့် ကားအစီးရေ ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ ပြည်သူ ၂၀၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့ လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၇ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ ပျူစောထီးရွာများနှင့် ကပစ ၂၄ လက်နက်စက်ရုံများကို ရိက္ခာပို့ဆောင်ရန်အတွက် ပခုက္ကူ တပ်မ ၁၀၁ မှ ရှေ့ပြေး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀၀ ခန့်ဖြင့် ကျေးရွာများကို စတင် စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုးပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ရိက္ခာကားတန်း ၁၀၀ ကျော် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀၀ ခန့် လိုက်ပါလာသည့် စစ်ကြောင်းက ပေါက်န-ပခုက္ကူ ကားလမ်းပိုင်းကို စတင်ရောက်ရှိလာပြီး လမ်းတလျောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာ ၂၅ ရွာမှ ပြည်သူ ၁၇၀၀၀ ကျော်သည် ယနေ့အချိန်ထိ နီးစပ်ရာ တောတောင်များတွင် တိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်ရှိချိန်ထိ ပြည်သူတွေက ဆက်လက် တိမ်းရှောင်နေရတုန်းပဲ ရက်ကြာလာတော့ ပြည်သူတွေလည်း စာနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ပေါက်မြို့ လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများသည် ရက်ရှည် စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် ပေါက်မြို့ လူသားစာနာဌာနက မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








