ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ကန်ချနဘူရီခရိုင်အတွင်း ထိုင်းစစ်တပ်၊ ရဲနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ဂိတ်ချ စစ်ဆေးနေစဉ် တိုယိုတာ အနက်ရောင် ပစ်ကပ်ကား ၁ စီးကို စစ်ဆေးခဲ့ကြောင်း၊ ယင်းကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ ဦး လိုက်ပါလာပြီး ကားမောင်းသူမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကားမှာ မောင်းပြေးရန် ကြိုးစားခဲ့သော်လည်း ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးရာမှ ကားရော လူပါ ဖမ်းဆီးရရှိပြီး ကားပေါ်ပါ မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကားပေါ်တွင် ပုန်းကွယ်လိုက်ပါသော မြန်မာနိုင်ငံသား ၁၂ ဦးစလုံးတွင် တရားဝင် အထောက်အထား စာရွက် စာတမ်းမရှိဘဲ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ထိုင်းဥပဒေဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။


