26 C
Yangon

ဖားကန့်မြို့သို့ ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၅ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို ရေတွင်းထဲပစ်ချခဲ့

Must read

ရန်ကုန်၊ ဇွန် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၅ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို ရေတွင်းထဲ ပစ်ချထားခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၃ မှ စကခမှူး ဗိုလ်မှူး ဇော်ဝင်း ဦးဆောင်သော စစ်တပ် စစ်ကြောင်းသည် ဖားကန့်မြို့၊ မှော်ဆီဇာကျေးရွာ၊ တောင်ယာကုန်တဝိုက်၌ ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို ရေတွင်းထဲသို့ ပစ်ချထားခဲ့ကြောင်း၊ အလားတူ လမ်းဘေး၌လည်း ပြည်သူတစ်ဦးကို ထပ်မံ ပစ်သတ်ထားခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဖားကန့်မှော်ဆီဇာ၊ တောင်ယာကုန်းတဝိုက်မှာ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်ပြီး တော့ ရေတွင်းထဲမှာ ပစ်ထားတဲ့ အလောင်း ၄ လောင်းထပ်တွေ့တယ်။ ပြီးရင် လမ်းဘေးမှာလည်း တစ်ယောက် ထပ်ပစ်သတ်ထားတာ၊ အားလုံး အလောင်း ၅ လောင်း၊ စစ်ကောင်စီတပ်တွေ ဖားကန့် ရောက်လာကတည်းက ပြည်သူတွေကို သတ်ဖြတ်ထားတဲ့အလောင်း ၃၁ လောင်းရှိပြီ။” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၄ ရက် ညနေပိုင်းတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ လမ်းဘေး၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်သတ်ထားသည့် ရုပ်အလောင်းတစ်လောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြား၍ မရသေးကြောင်း သိရသည်။

“ဒီညနေလည်း လုံးခင်းမှာ ပြည်သူတစ်ယောက်ကို ပစ်ထားတာရှိတယ်။ အဲဒါကဘယ်ကလည်း မသိရ သေးဘူး။ လမ်းဘေးမှာလဲနေတာတော့ တစ်ယောက်ရှိတယ်။ စကခ ၃ ၊ စကခမှူး ဗိုလ်မှူးချုပ် ဇော် ဝင်း ပေါ့၊ သူတို့ဖားကန့်ရောက်လာကတည်းကနေ ပြည်သူတွေ ကို သတ်ဖြတ်တာ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေသေဆုံးတာ ၃၁ ယောက်ရှိပြီ။ ဒဏ်ရာရတာ တွေလည်းရှိတယ်။ ဖားကန့်ပြည်သူ တွေ အနေနဲ့ ဒီရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းတွေ သွားနေ တယ်ဆိုရင် လုံခြုံ ရေးဂရုစိုက်ကြပါ၊ လုံခြုံရေးကို အများကြီးဂရုစိုက်ရမယ့် အနေအထားရှိလည်းရှိပါ တယ်။ သူတို့က ပြည်သူတွေလည်း အများကြီး သတ်ထားတာဆိုတော့။” ဒေသသတင်းရင်းမြစ်က ပြောဆိုသ်ည။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ညနေပိုင်းတွင် ဖားကန့်မြို့၊ အမှိုက်ပုံနားတဝိုက်တွင် လက်နက်ကြီး၊ လက် နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းမှ ဖားကန့်မြို့၊ မှော်ဆီဇာ ဘုန်းကြီးကျောင်းနှင့် ဘုရားကုန်း၌ တပ်စွဲထားကာ အချို့မှာစစ်သားများမှာ ယမန်နေ့ ကတည်းက အမှိုက်ပုံနားမှတဆင့် ဖားကန့်မြို့ထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖားကန့်မြို့နယ် အတွင်း ဝင်ရောက်လာချိန်မှ စတင်၍ အရပ်သား ပြည်သူ ၃၁ ဦးကို သတ်ဖြတ်ထားပြီ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article