ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာ၊ ကံကြီးကျေးရွာနှင့် ပိန္နဲကုန်းနှင့်ညောင်တောကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၃၅ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၂ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီး ၄၁ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၇ လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဇွန်လ ၁၂ ရက်နေ့လည်း ကန်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီး ၅၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၅ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဘဲ တစ် ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁လ သက်တမ်းထပ်တိုးထားစဉ် စစ်ကောင်စီက အခွင့်ကောင်းယူပြီး အဆက် မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြိုနယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်ဟု TNLA က ဆိုသည်။
စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်ပြီး လေ ကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူများကို TNLA က အသိပေးပန်ကြားထားသည်။
အကြမ်းဖက်စစ်ကောင်စီက ငလျင်ပြန်လည် ထူထောင်ရေးအတွက် ဇွန်လ ၁ လလုံး အပစ်အခတ်ရပ်စဲရေး ကြေ ညာထားသည့်ကြားမှ TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်ကို အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
