30 C
Yangon

ချင်းပြည်နယ်တွင် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဝန်ကြီး နေလင်းအောင်၊ စစ်ဗျူဟာမှူး စိုးဝင်းထွန်းတို့ က ပြည်နယ်အစိုးရ တင်ဒါများ ချပေးရန် ကုမ္ပဏီများထံမှ သိန်းထောင်ချီလာဘ်ငွေတောင်း

Must read

ရန်ကုန်၊ ဇွန် ၁၈

ချင်းပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ တင်ဒါလုပ်ငန်းအများစုကို ရယူလိုပါက ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီး စစ်အရာရှိဟောင်း နေလင်းအောင်၊ စစ်တပ်ဗျူဟာမှူး စိုးဝင်းထွန်းတို့ က ငွေကျပ် သိန်းထောင်ချီလာဘ်ငွေ တောင်းခံနေကြောင်း ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ်အတွင်း လုပ်ဆောင်ရန်ရှိနေသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အစိုးရ တင်ဒါများကို ခေါ်ယူခဲ့ရာတွင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်အရာရှိဟောင်း နေလင်းအောင်၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း၊ ဟားခါးအခြေစိုက် ခမရ ၂၆၆ တပ်ရင်းမှ ဗိုလ်မှူးအာကာကျော်မိုး တို့က ၎င်းတို့နှင့်နီးစပ်သော စီးပွားရေးကုမ္ပဏီများထံမှ ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေရယူ၍ တင်ဒါများ ရရှိရေး ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

“ချင်းပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေး တင်ဒါတွေ ခေါ်နေပါပြီ။ အဲဒီမှာ ချင်းပြည်နယ် အိုးအိမ်၊ အား/ကာ၊ သမဝါယမ၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လမ်းကြီးကြပ်၊ လမ်းဦးစီး၊ နတလ၊ ဆည်မြောင်းဌာနပေါင်းစုံကနေ တင်ဒါတွေ ခေါ်တာ။ လျှောက်တာကလည်း ဒေသက ကုမ္ပဏီ ၂၀၀ လောက်ရှိတယ် လျှောက်ကြတာ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဒီနှစ် တင်ဒါတွေက စစ်ဗျူဟာမှူး စိုးဝင်းထွန်း၊ ဗိုလ်မှူးအာကာကျော်မိုး နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နေလင်းအောင်(တပ်ထွက်) နှင့် ညှိုနှိုင်းမှုတွေပြုလုပ်ပြီး တင်ဒါလုပ်ငန်းများကို သူတို့တွဲဖက်ကုမ္ပဏီများကို ပေးပြီး တင်ဒါပွဲစားလုပ်ကြတာ။ တင်ဒါရဖို့အတွက် ကုမ္ပဏီတွေက သူ့ထက်ငါ အပြိုင်အဆိုင် ငွေကျပ်သိန်းထောင်ချီ လာဘ်ပေးရတာ။ တင်ဒါ အပြီးသတ်စာရင်း မထုတ်ရသေးဘူး။ ဘယ်သူတွေက ရမယ်ဆိုတာက သိနေရပြီ” ဟု ချင်းပြည် နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော တင်ဒါရရှိသော ကုမ္ပဏီများကို တရားဝင် ကြေညာခြင်းမရှိသေးချိန် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ချင်းပြည်နယ် ဥပဒေချုပ်တို့ကလည်း ၎င်းတို့ ဆွေမျိုး ကုမ္ပဏီများကို တင်ဒါချပေးရန်၊ ၎င်းတို့ လာဘ်ငွေ ရယူထားသော ကုမ္ပဏီများကို တင်ဒါ လုပ်ငန်းများ ပေးရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

“တင်ဒါတွေက ကတ်ဘိနက်က မဆုံးဖြတ်ရသေးပေမယ့် စိုးဝင်းထွန်း၊ နေလင်းအောင်( လမ်း/ပန်း ဝန်ကြီး) တို့နဲ့ ပေါင်းတဲ့ကုမ္ပဏီနဲ့ ဝန်ကြီးချုပ် အမျိုး ကုမ္ပဏီ၊ ဂါထားတဲ့ကုမ္ပဏီတွေက အောင်ပွဲခံနေကြပြီ။ ဘယ်ကုမ္ပဏီရတယ်ဆိုတာ မထွက်သေးဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို တပ်မ ၉၉ တပ်မမှူးအဖြစ် စစ်ကောင်စီက ရာထူးတိုးပေးလိုက်ပြီဖြစ်သော်လည်း တင်ဒါလုပ်ငန်းများ ချထားပေးရေးအတွက် နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှု အပါအဝင် တရားမဝင် လုပ်ငန်းများအတွက် စစ်အရာရှိဟောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နေလင်းအောင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စိုးဝင်းထွန်းတို့ထံသို့ လာဘ်ငွေ လစဉ် ပုံမှန်ပေးအပ်ရကြောင်း၊ နေလင်းအောင်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သော်လည်း စစ်အရာရှိဟောင်း ဖြစ်၍ ၁ နှစ်အတွင်း တရားမဝင် လုပ်ငန်းများဖြင့် ချိတ်ဆက်၍ ငွေကြေးရယူ ချမ်းသာလာကြောင်း၊ အဓိကမှာ ချင်းပြည်နယ်စစ်ကောင်စီမှ ထိပ်ပိုင်းစစ်အရာရှိများအတွက် ငွေကြေး လမ်းကြောင်း ဖန်တီးပေးနိုင်သည့်အတွက် ၎င်း၏ ဩဇာမှာ ဟားခါးအခြေချ စစ်ဗျူဟာတွင် ကြီးမားနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article